တနိုင်း ၂၄ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဇူလိုင်လမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ဆောင်ရွက်ထား ရှိသော ရေဘေးသင့်အိမ်ထောင်စုအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတလူငယ်များပူးပေါင်း၍ ပစ္စည်းများနှင့် ထမင်းထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းညွန့်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တနိုင်းမြို့နယ်ပရဟိတလူငယ်များအဖွဲ့တို့ ပူးပေါင်း၍ ဆွတ်ငိုင်ရပ်ကွက်၊ အေးသုခအပိုင်း ချမ်းမြေ့ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင် လျက်ရှိသော ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စု (၃၃) စု စုစုပေါင်း လူဦးရေ (၁၃၁)ဦးအား ဆန်(၁)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကုလားပဲပိဿာ(၂၀) ၊ Mask(၅၀)ခု သွားထောက်ပံ့ပေးခဲ့ကြသည်။
မိုင်းခွန်ကျေးရွာအုပ်စု၊ ဂျိုဆာဒီးကျေးရွာအပိုင်းရှိ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများအား ထမင်းထုပ်(၃၀၀)နှင့် တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုး က ကော်ဖီမစ် (၁၀)ထုပ်၊ နို့မုန့်(၃)ထုပ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာနှင့် ပေါင်မုန့်(၂)ဖာ အသီးသီး ထောက်ပံ့ပေးခဲ့ကြသည်။
တနိုင်းမြို့နယ်တွင် လမ်းရေကျော်မှု ဖြစ်ပေါ်နေသည့် ဒူးကောင်းရပ်ကွက်၊ အောင်စိုးမိုးကျေးရွာအပိုင်း လီဒိုလမ်းမကြီးပေါ်တွင် ရေ(၂)ပေခန့်ကျဆင်းသွားပြီး (၁)ပေခန့်သာ ကျန်ရှိတော့သဖြင့် ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ဆွတ်ငိုင်ရပ်ကွက်၊ အေးသုခအပိုင်း မြို့ပတ်လမ်းနှင့် တနိုင်း-မိုင်းခွန်လမ်း ကွန်ကရစ်လမ်းပေါ်တွင်လည်း လမ်းရေကျော်မှုမရှိတော့ဘဲ ရေကျဆင်းသွားပြီဖြစ်ကြောင်း၊
မိုင်းခွန် ကျေးရွာအုပ်စု၊ ဂျိုဆာဒီးကျေးရွာအပိုင်း တနိုင်း-မိုင်းခွန်လမ်းပေါ်တွင် (၁)ပေကျော်ခန့် ရေကျန်ရှိနေပြီး ယာဉ်များသွားလာ၍ မရသေးပါကြောင်း ပုန်ခုန်းရပ်ကွက် (ကွက်သစ်)၊ ဆင်မ်ဆာ့ရပ်ကွက် (အောက်ချိုင့်)နှင့် ဆွတ်ငိုင်ရပ်ကွက် အေးသုခအပိုင်းတွင်(၂)ပေခန့်နှင့် မိုင်းခွန်ကျေးရွာအုပ်စု၊ ဂျိုဆာဒီးကျေးရွာအပိုင်းတွင် ရေ (၉)လက်မခန့် ကျဆင်းသွားပြီဖြစ်သည်။ တနိုင်းချောင်းရေအခြေအနေမှာ ယနေ့ညနေပိုင်းတွင် (၁၈)ပေ (၁၀)လက်မထိ ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


