ဒီပဲယင်း ၂၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်း စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း (AIIP) အစီအစဉ်ဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ခဲ့သည့် ရွာရှည်ကျေးရွာအုပ်စုတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန် စပါးခွံမြေဆွေးနှင့် စူပါဘိုကာရှီပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။
ဆက်လက်၍ ရွှေဘိုခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စီစီဝမ်းက ဒီပဲယင်းမြို့နယ်သည် စပါးစိုက် ဧကများပြားသည့်အတွက် ထွက်ရှိလာသည့်စပါးများမှ စပါးခွံများကို မြေဆွေးများ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေ၏အစိုဓာတ်ကို ထိန်းသိမ်းကောင်းမွန်ခြင်း၊ မြေတွင်းမှ အာဟာရဓာတ်စုပ်ယူမှု အားကောင်းပြီး အပင်၊ အသီး၊ အရွက်ကြီးထွားမှု ကောင်းမွန်စေခြင်း စပါးခွံတွင် ပါဝင်သော စီလီကာဓာတ်များကို အပင်မှ ရယူ အသုံးပြုနိုင်ခြင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီပဲယင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခုနှစ် ရွာရှည်နှင့် ကြခတ်ကျေးရွာအုပ်စုတို့တွင် အဆင့်မြင့် လယ်ယာ မြေ ၃၀၈ ဒသမ ၈၇ ဧက ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ခဲ့သည့် လယ်ယာမြေများတွင်(Top Soil Layer) ပျက်စီးမှုအနည်းငယ် ရှိခဲ့သည့်အတွက် စပါးခွံမြေဆွေးနှင့် စူပါ ဘိုကာရှီမြေဆွေးများကို ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာအဟာရဓာတ်များ ပြန်လည် ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောသည်။
သိန်းထွန်း(ဒီပဲယင်း)


