နေပြည်တော် ၂၄  ဇူလိုင်    


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အစုအဖွဲ့များမှ ကိုယ်စား လှယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမား များအတွက်ကောင်းမွန် သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဥပဒေနှင့်အညီ ခံစားခွင့်များရရှိစေရေးအတွက် အေဂျင်စီအဖွဲ့ချုပ် သည် ကြားခံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီအဖွဲ့ချုပ် သည် ပိုမို၍စနစ်ကျပြီး ခိုင်မာသည့်အဖွဲ့အစည်းတစ်ခု ဖြစ်လာကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြုံတွေ့နေရ၍ ကမ္ဘာတစ်ဝန်းတွင် အလုပ်အကိုင်ပေါင်း ၂၅ သန်းထိ ဆုံးရှုံးနိုင်ကြောင်းကို ILO က ခန့်မှန်းထားပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားများ လျော့ချခြင်း၊ စက်ရုံ/အလုပ်ရုံ များ အပြီးပိတ်ခြင်းနှင့် ယာယီပိတ်ခြင်းများရှိခဲ့ပြီး ပြည်ပမှပြန်လာသူများ ယခုအချိန်ထိနေစဉ်ရှိနေပါကြောင်း၊ တရားမဝင်သွားရောက်သည့် အလုပ်အကိုင်များတွင်လည်းပိုမို များပြားနိုင်ပါကြောင်း၊ မြဝတီတွင် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကြိုဆိုလက်ခံရေးနှင့် စာရင်းဇယား ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အားဝန်ကြီးဌာနမှ အသိအမှတ်ပြု ပါကြောင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုများရှိခဲ့ ပါကြောင်း။


သက်ဆိုင်ရာနိုင်ငံများအလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား များ၏စာရင်းနှင့် ၎င်းတို့လုပ်ကိုင်နေသည့်ဒေသ၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမှု စာရင်းများ အားအေဂျင်စီများအနေဖြင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင်ပြုစုထားရန် လိုအပ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်အတွက် Software တစ်ခုရေးဆွဲဆောင်ရွက်နေပါကြောင်း၊ နောက်ပိုင်းတွင် တိကျသေချာသည့် လူအမည်စာရင်းအင်အားနှင့် အလုပ်အမျိုးအစား၊ သွားရောက် လုပ်ကိုင်နေသည့် အလုပ်အကိုင်နေရာများအား အသေးစိတ် မှတ်တမ်းတင် ထားရှိနိုင်မည် ဖြစ်ပါကြောင်း။


ပြည်ပသို့သွားရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား ပို့ဆောင်ရေးလုပ်ငန်းများ သာမက အခြားသော စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများလျော့နည်းသက်သာစေရေး နိုင်ငံတော်အကြီးအကဲ များကိုယ်တိုင်ဦးစီး၍ စီးပွားရေးပြန်လည်ထူမတ်ရေး၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ဆောင်ရွက်နိုင်ရေး တစ်နိုင်ငံလုံး ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန်အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစား ရေး လုပ်ငန်းကော်မတီမှလည်း မိမိတို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများသို့ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ချေးငွေများ ထုတ်ပေးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် တို့တွင် အေဂျင်စီ အဖွဲ့ချုပ်၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြနိုင်ကြောင်း၊ အကြံပြုချက်များရှိပါကလည်း အကြံပြုနိုင်ကြောင်း၊ အလုပ်သမားများ၏ အကျိုး၊အေဂျင်စီများ၏အကျိုး၊နိုင်ငံ၏အကျိုးဖြစ်ထွန်းစေရေး အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက နိုင်ငံအလိုက် လုပ်ငန်းဆပ်ကော်မတီအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ကြုံတွေ့ရသည့်အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များအားတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်း၍ လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်