နေပြည်တော် ၂၄ ဇူလိုင်
တမူးကုန်သွယ်ရေးဇုန် တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်အဝေးတွင် တမူးကုန်သွယ်ရေး ဇုန်တည်ဆောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က တမူးမြို့သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဒေသဖြစ်ရာ ကုန်သွယ်ဆက်ဆံမှု အလား အလာများ ကောင်းမွန်သဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ဒေသခံပြည်သူများ၏ ရေရှည်အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တမူးကုန်သွယ်ရေးဇုန်အား တည်ထောင် အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ် သဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် အကြံပြုဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး၊ အနာဂတ်ကာလတွင် ကုန်သွယ်ရေးဇုန်ကြီးတစ်ခုတည်ဆောက်နိုင်ရေး၊ အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိလာရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းထားသည့် တမူးကုန်သွယ်ရေးဇုန်တည်ဆောက်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၂)ရပ် အပြင် လုပ်ငန်းအဖွဲ့တစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပြီး အနီးကပ် ကြီးကြပ်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


