နေပြည်တော်  ၂၄   ဇူလိုင် 

 

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ (၂/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing ဖြင့်ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသားအဆင့် ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  ဒုတိယဥက္ကဌ (၁) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဥက္ကဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်နယ်အဆင့် ကော်မတီများ၏ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက အတည်ပြုခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ပြည်နယ်အဆင့် ကော်မတီများကို လည်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မဟာဗျူဟာ အောက်တွင် လုပ်ငန်းစီမံချက်များရှိကြောင်း၊ စီမံချက်များ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက် (မူကြမ်း)ကိုလည်း ရေးဆွဲထားကြောင်း၊ စီမံချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများရှိသလို ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများရှိကြောင်း၊ ကချင်ပြည်နယ်တွင် စခန်း(၅)ခု၊ ရှမ်းပြည်နယ်တွင်(၅)ခု၊ ရခိုင်ပြည်နယ်တွင် စခန်း(၄)ခုတို့ကို ပြန်လည်နေရာချထားခြင်း၊ စခန်းပိတ်သိမ်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် စခန်း(၂)ခုရှိရာ ပြန်လည်နေရာချထားနိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

လက်ရှိအခြေအနေအရ တစ်နိုင်ငံလုံးတွင် စခန်း(၁၂၅)ခုရှိရာ မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြန်လည် နေရာချထားရေးနှင့် စခန်းများ ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ များသာမက လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သလို အဓိကအားဖြင့် စခန်း များတွင် နေထိုင်သူများ၊ ပြန်လည်နေရာချထားပေးမည့်နေရာရှိ နေထိုင်သူများ၏ သဘောထား များ သည် အရေးကြီးကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပြီးပြည့်စုံသည့် လုပ်ငန်း ဆောင်ရွက်မှုများ ဖြစ်လာမည် ဖြစ်ကြောင်း၊ အချိန်ယူဆောင်ရွက်ရန်လိုကြောင်း၊  တွေ့ဆုံညှိနှိုင်းမှု၊ စည်းလုံးညီညွတ်စွာ ချိတ်ဆက်ဆောင်ရွက်မှုများ အရေးကြီးကြောင်း၊ ထို့အတူ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အားစိုက်ထုတ်၍ စနစ်တကျ ပြန်လည်နေရာချထားရေးနှင့် စခန်းများ ပိတ်သိမ်းရေးလုပ်ငန်း အဆင့်ဆင့်ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအဆင်ပြေ နိုင်ရေး၊ ပူးပေါင်းချိတ်ဆက် ဆောင်ရွက် နိုင်ရေး အားလုံး၏အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဝိုင်းဝန်းဆွေးနွေး ပေးရန်ပြောကြားသည်။ 

 

ဆက်လက်၍ ဒုတိယဥက္ကဥ(၁)က အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာ ချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် နိုင်ငံရေး အခြေအနေနှင့် နိုင်ငံတကာမှ ဖိအားပေးနေမှု အခြေအနေများကို သိရှိပြီး သတိပြုဆောင်ရွက်ရန် လိုကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေးနှင့် ပတ်သက်၍ အချို့နိုင်ငံများ၊ အချို့အဖွဲ့အစည်းများက အချိန်ကိုက်ဖိအားပေးနေသည်များ ရှိကြောင်း၊ ဆောင်ရွက်ရန်ရှိသည်များကို သတိပြုဆောင်ရွက်ရန် လိုကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာချထားရေးနှင့် IDPs စခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်ရာတွင် အဆင့်တိုင်း၌ သတိပြုဆောင်ရွက်ရန်၊ အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ရန်၊ ဆုံးဖြတ်ချက်များရယူဆောင်ရွက်ရန်၊ လုပ်ငန်းတိုင်း၌ကြီးကြပ် ဆောင်ရွက်ရန် လိုကြောင်းဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဒုတိယဥက္ကဌ(၂)က အမျိုးသားအဆင့်မဟာဗျူဟာ၊ မူဝါဒများ၊ လုပ်ငန်းစဉ် များကို စခန်းနေသူများ၊ စခန်းအနီးအနား မူလနေထိုင်သူများကို စဉ်ဆက်မပြတ် ရှင်းလင်းဆွေးနွေး ပေးရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် ကောင်းမွန်စွာ နားလည်နေရန်လိုကြောင်း၊ ပြန်လည်နေရာချ ထားရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နေရာရွေးချယ်မှု၊ မြေယာစီမံခန့်ခွဲမှုများတွင် ဉပဒေ၊ နည်းဉပဒေ များနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်နေရာချထားမည့်ကျေးရွာများ ထူထောင်ရာတွင် လိုအပ်သော စာသင်ကျောင်း၊ ဆေးခန်း၊ လမ်း၊ ဈေးစသည်ဖြင့် စနစ်တကျ အကောင်အထည် ဖော်ပေးရန်လိုကြောင်း၊မူလမြို့ရွာစီမံကိန်းအရဆောင်ရွက်ရန်ရှိသည်များကိုလည်းထည့်သွင်းစဉ်းစားရန်လိုကြောင်းနှင့် ကချင်ပြည်နယ်တွင် စခန်းများပိတ်သိမ်းရေးဆောင်ရွက်မှု အတွေ့အကြုံ များကို ဆွေးနွေးသည်။

 

ထို့နောက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ကိုယ်စားလှယ် များကလက်ရှိစခန်းများအခြေအနေ၊ပြည်နယ်အဆင့်ကော်မတီများဖွဲ့စည်းမှု၊ စခန်းများပိတ်သိမ်းရေး အတွက် မြေနေရာရွေးချယ်မှုနှင့် အခြားလိုအပ်ချက်များအတွက် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေမှု၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မီဒီယာကဏ္ဍ၏ အရေးပါမှုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှုများကို လည်းကောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များကလုပ်ငန်း ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်နေ မှုအခြေအနေများကို လည်းကောင်း၊ ကိုဗစ်-၁၉ ကာလ IDPs စခန်းများတွင်  စီမံချက်ဖြင့် ပံ့ပိုးကူညီမှုများ၊ ပြန်လည်နေရာချထားရေး အကောင်အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းစဉ်အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက် ရန်ရှိသည်များကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)