ဆိုးလ် ၂၅ ဇူလိုင်
တောင်ကိုရီးယားနိုင်ငံ၌ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်း သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိခဲ့သည်။
ယနေ့နံနက် ၁၀ နာရီခွဲအထိ တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂီပြည်နယ်တွင် တစ်ဦး၊ အရှေ့တောင်ပိုင်း အူလ်ဆန် မြို့၌ တစ်ဦးနှင့် အနီးအနားရှိ ဘူဆန်မြို့၌ သုံးဦးသေဆုံးခဲ့ကြောင်း ဗဟိုသဘာဝဘေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ဌာနချုပ်က ပြောကြားခဲ့သည်။ ရေကြီးရေလျှံ မှုများကြောင့် လူ ၂၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး အများစုမှာ အရှေ့တောင်ပိုင်းရှိ ယောင်ဒွက်နှင့် ဘူဆန်မြို့မှဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက်အအုံ ၃၀၀ နီးပါး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်း မုတ်သုံမိုး ဆက်လက် ရွာသွန်းနိုင်ဖွယ်ရှိကြောင်း သိရသည်။ ဇူလိုင် ၂၆ ရက်အထိ ဂန်ဝမ်ပြည်နယ်၌ မိုးရေချိန် မီလီမီတာ ၄၀၀ ရွာသွန်းနိုင်မှုကြောင့် သတိပေးချက်တစ်ရပ် ထုတ်ပြန် ထားသည်။
အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျှောက် မိုးရေချိန် မီလီမီတာ ၁၅၀ ကျော်၊ ဆိုးလ်မြို့တော်နှင့် အခြားဒေသများ တွင် မိုးရေချိန် မီလီမီတာ ၂၀ မှ ၆၀ အထိ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။
ကိုးကား-ကေဘီအက်စ်
ဘာသာပြန်-ကျော်ထိုက်စိုး