ဝါရှင်တန် ၂၅ ဇူလိုင်
အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ လေးသန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ ထုတ်ပြန်သောစာရင်း အရ ဇူလိုင် ၂၂ ရက် တစ်ရက်တည်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၇၂၀၀၀ ထပ်မံတွေ့ရှိခဲ့ရသည်ဟု သိရသည်။
သုံးသန်းသို့ ရောက်ရှိ
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေ အတွက်မှာ ဧပြီ ၂၈ ရက်တွင် တစ်သန်းပြည့်ခဲ့သည်။ ထို့နောက် ဇွန် ၁၀ ရက်တွင် နှစ်သန်းအထိတိုးလာခဲ့ပြီး ဇူလိုင် ၈ ရက်တွင် သုံးသန်းသို့ ရောက်ရှိခဲ့သည်။ တက္ကဆက်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀ ရှိခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် ၁၅၀ သေဆုံးခဲ့သည်။ တက္ကဆက်ပြည်နယ်တွင် ဆေးရုံတက်ရောက်သူ တစ်သောင်းခန့်ရှိပြီး ဆေးရုံများမှာ ရှေ့တန်းစစ်မျက်နှာ ကဲ့သို့ဖြစ်နေသည်ဟု မီဒီယာများက ပြောကြားသည်။
နှာခေါင်းစည်းဝတ်ဆင်ရန် ငြင်းဆန်
ပြည်နယ်အများစုတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခြင်းကို ရပ်နားထားကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းသည်ကို မတွေ့ရသကဲ့သို့ ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များမှာလည်း ပြည့်စုံစွာ မဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အချို့သော ဒေသခံများမှာ နှာခေါင်းစည်းဝတ်ဆင်ရန် ငြင်းဆန်နေကြပြီး ခပ်ခွာခွာနေရေး အစီအစဉ်များကိုလည်း မလိုက်နာကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ