ကျုံပျော် ၂၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်မှစတင်မွေးဖွားသော ကလေးငယ်များကို ထောက်ပံ့ကြေးပေးရန် စာရင်းများကောက်ယူလျက်ရှိရာ လက်ရှိတွင် စုစုပေါင်း (၁၆၀၀)ဦးကျော် စာရင်းရရှိထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မည့်အစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရှိ စာရေးဝန်ထမ်းများ ပူးပေါင်းကာ စာရင်းများကောက်ယူလျက်ရှိကြောင်း၊ ယခင်က စာရင်းကောက်ယူခြင်းကို ဇူလိုင်လကုန်တွင် ပိတ်သိမ်းရန်ဖြစ်သော်လည်း ပါဝင်သင့်သူအားလုံး ကျန်ရှိမှုမရှိစေရေးအတွက် စာရင်းကောက် ရက်ကို (၂) ပတ်ထပ်တိုးကာ သြဂုတ် ၁၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဒေါ်ထွေးသူဇာအေးထံမှ သိရသည်။
အဆိုပါလုပ်ငန်းများကို ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များ အာဟာရပြည့်ဝပြီး ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ဧပြီ ၁ ရက်မှ စတင်မွေးဖွားသည့် ကလေးငယ်များအားလုံးကို လစဉ်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၁၅၀၀၀ ကို ကလေးအသက် (၂) နှစ် အထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို အများပြည်သူသိရှိနိုင်ရန် အသိပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သက်ဆိုင်ရာ ရပ်/ကျေး တာဝန်ရှိသူများမှတစ်ဆင့် လှုံ့ဆော်ရေးများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)


