မိုင်းခတ် ၂၅ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီက ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ခြင်ပေါက်ပွားနိုင်သည့် ရေအိုး၊ ရေခွက်များ၊ ရေပုံးများ၊ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေလောင်ကန်များ၊ ကားတာယာများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကျန်းမာရေးမှူးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဒေ(ပြန်/ဆက်)


