ရန်ကုန် ၂၅ ဇူလိုင်
လေယာဉ်မှူးကြီး ဦးအောင်ပို ၏ “ကျနော် မိုးကုပ်စက်ဝိုင်းနှင့် ဆုံမှတ်များ” အမည်ရှိ စာအုပ်ထွက်ရှိခြင်း အထိမ်းအမှတ်အနေဖြင့် "အဖြူရောင်စုံမှတ်များ ၁၉" ပရဟိတအဖွဲ့က ရန်ကုန်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပွဲကို အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ထိုသို့လှူဒါန်းရာတွင် ကမာရွတ်မြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာနဝင်းအတွင်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ အဓိပတိဆောင်နှင့် ဧကရီဆောင်၊ ရန်ကုန် ပညာရေး တက္ကသိုလ်ဝန်းအတွင်းရှိ သံပျင်ဆောင်၊ လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ မြတ်လေးဆောင် (G ၊ H) တို့ ၌ ကိုဗစ်-၁၉ ရောဂါ နှင့်စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို အစားအသောက်များ၊ ဆေးဝါးပစ္စည်းများနှင့် လေယာဉ်မှူးကြီး ဦးအောင်ပို ၏ “ကျနော် မိုးကုပ်စက်ဝိုင်းနှင့် ဆုံမှတ်များ”စာအုပ်တို့ကို လှူဒါန်းခြင်းဖြစ်သည်။
လှူဒါန်းမှုနှင့်စပ်လျဉ်း၍ စာရေးဆရာ လေယာဉ်မှူးကြီး ဦးအောင်ပို က "အမေ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကိုဗစ်-၁၉ ကာလ အိမ်မှာနေထိုင်စဉ်အချိန်မှာ တစ်ခုခု အကျိုးရှိအောင်အသုံးချပါဆိုတဲ့အတိုင်း ဒီကာလတွေမှာ ကျွန်တော်ငယ်ငယ်က အလွန်ရေးချင်တဲ့ အင်ဒိုနီးရှားနိုင်ငံ လေယာဉ်မောင်းသင်တန်းကျောင်း အကြောင်းကိုရေးပြီး တော့စာအုပ်ထုတ်လိုက်တာပါ။ စာအုပ်ရောင်းလိုက်တိုင်းရရှိတဲ့ငွေထဲက နှစ်ဆယ် ရာခိုင်နှုန်းကို အများအကျိုးအတွက် လှူသွားမှာဖြစ်သလို အခုလည်းအမှတ်တရအနေနဲ့ စေတနာရှင်တွေစုပေါင်းပြီး လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေကြတဲ့ နေရပ်ပြန် ညီအစ်ကိုတွေအနေနဲ့ စိတ်ခွန်အားတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟုပြောသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


