ကော့ကရိတ်  ၂၅   ဇူလိုင် 

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည်၊ မဲဆန္ဒနယ်မြေအလိုက် ယနေ့ နံနက်ပိုင်းမှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားရှိရေးနှင့် မဲရုံလျာထားတည်နေရာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အများယုံကြည်သူ တစ်ဦးတို့ ပါဝင်သည့် အဖွဲ့သည် နဘူးနှစ်ခြား၊ မြပတိုင်၊ နောင်ထပ္ပံ၊ ခနိမ်ဖော်၊ သရက်တော၊ အင်းရှည်ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲ၀င်များနှင့် တွေ့ဆုံကာ မိမိတို့ကျေးရွာအတွင်း မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားရှိမှု ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လျာထားမဲရုံတည်နေရာတို့အား ကွင်းဆင်းစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရမည့် ကဏ္ဍများကို လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါမဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားရှိခြင်းကို ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၇) ရက်နေ့ထိ ကပ်ထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

 

ခင်မျိုး၀င်း(ခရိုင်ပြန်ဆက်)