ထန်းတပင် ၂၅   ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှ စတင်၍ ပထမအကြိမ် ကပ်ထားကြေညာခဲ့ရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူဦးရေ(၁၂၅၂၂၄) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ (၁၄)ရက်တာ ပထမအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင် စာရင်းကြေညာထားရှိမှုအခြေအနေများကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင့်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက သွားရောက်ကာ လိုက်လံကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

“မဲစာရင်းမှာ မိမိအမည်မပါဘူးဆိုရင် ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ပါတယ်။ နောက်ပြီး အချက်အလက်တွေ မမှန်ကန်ဘူးဆိုရင်လည်း ပုံစံ(၄-ဂ)နဲ့လျှောက်ထားနိုင်ပါတယ် ကွယ်လွန်သွားတဲ့သူတွေနဲ့ မဲပေးပိုင်ခွင့် မရှိတဲ့သူတွေ ပါဝင်နေမယ်ဆိုရင်လည်း အထောက်အထားနဲ့အတူ ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ပါတယ်။ ပုံစံတွေ ကိုလည်း မဲဆန္ဒစာရင်းကပ်ထားတဲ့နေရာတွေမှာ (အခမဲ့) တောင်းယူနိုင်ပါတယ်”ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင့်က ရှင်းပြသည်။

 

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု(၅၉)အုပ်စုတို့တွင် မဲရုံပေါင်း(၁၁၆)ရုံ ထားရှိသွားမည် ဖြစ်ပြီး ပထမအကြိမ်မြောက်မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရာတွင် မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၅၉၁၅၆)ဦး၊ မ(၆၆၀၆၈)ဦး စုစုပေါင်း(၁၂၅၂၂၄)ဦးရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)