မန္တလေး ၂၅ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးတွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးမည့်လူငယ် ၂၈၀,၀၀၀ ခန့် ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ပထမဆုံးအကြိမ် မဲပေးမည့် လူငယ်စာရင်းကို သီးခြားပြုစုထားခြင်းမရှိသော်လည်း ခန့်မှန်းစာရင်းအရ နှစ်သိန်းခွဲကျော်အထိရှိမည်ဟု ခန်းမှန်းထားကြောင်းသိရသည်။
"ခန့်မှန်စာရင်းများအရ နှစ်သိန်းရှစ်သောင်းခန့်ရှိတယ်၊ ပြုစုထားတဲ့စာရင်းထဲမှာ ကျန်နေတယ်၊ သေဆုံးသူတွေ ပါနေတယ်ဆိုရင် တောင်းဆိုတာ၊ ကန့်ကွက်တာ၊ ပြင်ဆင်တာ တွေ၊ဖြည့်စွက်တာတွေလုပ်ဖို့ ခွင့်ပြုမှာပါ "မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
မန္တလေးတိုင်းတွင် မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လေးသန်းခွဲခန့် (၄၅၈,၀၀၀၀) ရှိကြောင်း သိရသည်။ မဲစာရင်းများကို မိသားစုအလိုက်ကပ်ထားပေးမည်ဖြစ်ပြီးမဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှု၍ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄ - ဂ) ပြင်ဆင်လွှာ တင်သွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲပေးခွင့်ရရှိသူစာရင်းများကို ယနေ့(ဇူလိုင်လ၂၅ရက်နေ့) တွင်စတင်ကြေညာနေပြီး ဩဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၄၂၄၇၂၇ ဦးရှိခဲ့ပြီး ဆန္ဒမဲပေးသည့်နေ့တွင် လာရောက်ဆန္ဒမဲပေးခဲ့သူ ၃၂၂၃၈၄၅ ဦးရှိခဲ့၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၇၂ ဒသမ ၈၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဖြိုးအိ


