ရန်ကုန်   ၂၅  ဇူလိုင် 

 

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကျင်းပသည့် အွန်လိုင်းစစ်တုရင်အိုလံပစ် ၂၀၂၀ (FIDE Online Olympiad 2020)ပြိုင်ပွဲ၊ အုပ်စုပွဲစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပရာ မြန်မာစစ်တုရင်အသင်း ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ 

 

“ဒီပြိုင်ပွဲက မြန်မာအသင်းအနေနဲ့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၉၁ အနေနဲ့ပါတာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ လက်ရွေးစင်များပါသလို လူငယ်ကစားသမားများနဲ့ ဖွဲ့စည်းထားပါတယ်” ဟု  အသင်းခေါင်းဆောင် ဦးသာဇံက ပြောသည်။

 

ပထမအဆင့် အုပ်စုပြိုင်ပွဲတွင် မြန်မာ၊ ဘရူနိုင်း၊ ဘူတန်၊ Guam, လာအို၊ မကာအို၊ ဆိုမာလီယာ၊ ပါကစ္စတန်နှင့် ဖီဂျီ အသင်းတို့ ပါ၀င်ပြီး နေ့စဉ် သုံးပွဲကစား၊ သုံးရက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကျင်းပတဲ့ အွန်လိုင်း တစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွေ ယှဉ်ပြိုင် ကစားဖူးတယ်။ အိုလံပစ်အသင်းလိုက် ပုံစံမျိုးတော့ မကစားဖူးပါဘူး။ ဒီပြိုင်ပွဲက နိုင်ငံပေါင်းစုံ ဖြစ်တဲ့ အတွက် အဆင့်မြင့်တယ်။ ပထမဆုံးအကြိမ် ကစားခြင်းဖြစ်တဲ့အတွက်လည်း အုပ်စုတက်အောင် ကြိုးစားသွားမယ်” ဟု လက်ရွေးစင်ကစားသမား ၀င်းဇော်ထွန်းက ပြောသည်။

 

အဆိုပါ အွန်လိုင်းစစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများမှ အသင်း ၁၆၃ သင်း ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဩဂုတ် ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ အသင်းသည် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်းရှိ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်၌ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။  

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး a