နေပြည်တော်  ၂၅  ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ အစည်းအဝေးခန်းမ၌ လုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ရှင်းလင်းတင်ပြမှုအစီအစဉ် ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ သက်ဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လုပ်ငန်းဆောင်ရွက်မှုများအနက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး ဟောပြောမှုများ ရိုက်ကူးမည့် စတူဒီယို ပြင်ဆင်ပြီးစီးမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သတင်းလွှင့်ခန်း စတူဒီယိုများ ပြုပြင်မွမ်းမံမှု၊ အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့် MRTV Online Media လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ အစီအစဉ်ထုတ်လုပ်သူ(PD)များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ပါဝင်ဆွေးနွေးမှုနှင့်အတူ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် MRTV Auditorium ခန်းမ၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု အကြိုရိုက်ကူးရေး ပြင်ဆင်မှု ကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး ဟောပြောမှုများ ရိုက်ကူးမည့် စတူဒီယိုပြင်ဆင်ထားရှိမှုကို လည်းကောင်း၊ Surround Sound (5.1) Studio ကိုလည်းကောင်း၊ သတင်းခန်း စတူဒီယိုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ Online Media လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုစနစ်ကို (Standard Definition-SD) မှ (High Definition-HD)သို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ကူးပြောင်းထုတ်လွှင့်လျက်ရှိရာ MRTV News Room ကိုလည်း အရုပ်၊ အသံ ကြည်လင်ပြတ်သားပြီး အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် ယခုနှစ် ဇွန် ၂၁ ရက်မှ စတင်၍ ပြင်ဆင်မွမ်းမံတိုးချဲ့မှု၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်မှုနှင့်အတူ သက်ဆိုင်ရာ ဝန်ထမ်းများအား သင်တန်းများ ပို့ချလေ့ကျင့်လျက်ရှိရာ ယခုနှစ်၊ ဩဂုတ်လတွင် လုပ်ငန်းများပြီးစီးကာ ထုတ်လွှင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်