လွိုင်ကော် ၂၅ ဇူလိုင်

 

ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်များနှင့်အညီ ချယ်ရီပန်း ပင်များ စိုက်ပျိုးခြင်းအားဖြင့် ကယားပြည်နယ်အတွင်း ခရီးစဉ် ဒေသတစ်ခု ပေါ်ထွန်းလာစေရန် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အထောက်အကူ ပြုစေရန်နှင့် အများပြည်သူ အပန်းဖြေနေရာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်မာ−ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တတိယအကြိမ် ချယ်ရီပန်းပင် စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ တက်ရောက်လာသူများမှ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ အစီအစဉ်များအတိုင်း ချယ်ရီပန်းပင်များ စိုက်ပျိုးမည့် နေရာများသို့ ရောက်ရှိနေရာယူကြပြီး မင်္ဂလာအချိန်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ချယ်ရီပန်းပင် ၁၆၀ အား တစ်ပြိုင်နက် စိုက်ပျိုးခဲ့ကြသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)