နေပြည်တော် ၂၅ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန (၁) နှင့် (၂) တို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ရာ သတင်းမီဒီယာအရေအတွက်ကိုလည်း ပြည်တွင်းသတင်း မီဒီယာများမှ ၄၀ ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်း မီဒီယာ များမှ ၂၀ စုစုပေါင်း ၆၀ သာ ကန့်သတ်ဖိတ်ကြားသွားမည် ဖြစ်ပါသည်။
တက်ရောက်သတင်းရယူလိုသည့် သတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်သော www.moi.gov.mm တွင် Union Peace Conference -21st Century Panglong ကို နှိပ်ကာ MEDIA REGISTRATION FORM တွင် ပြည့်စုံစွာဖြည့်စွက်ပြီး မှတ်ပုံတင်ပြုလုပ်ခြင်းကို ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရန် ဖြစ်ပါသည်။
အစောဆုံး ပေးပို့လာသည့် သတင်းမီဒီယာများမှ သတင်းဌာနတစ်ခုလျှင် ၂ ဦးနှုန်းဖြင့် သတ်မှတ်၍ လက်ရှိထုတ်ဝေနေသော သတင်းစာများ၊ သတင်းဂျာနယ်များနှင့် ရုပ်သံလိုင်းများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး သတင်းရယူခွင့်ရှိသည့် မီဒီယာစာရင်းကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။ လူဦးရေ ကန့်သတ်အနေအထားကြောင့် သတင်းရယူခွင့် မရှိသည့် သတင်းမီဒီယာများအနေဖြင့်လည်း သတင်းရရှိပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အခမ်းအနားတွင် လုပ်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများနှင့် ရုပ်သံဗွီဒီယိုများကို အချိန်နှင့်တစ်ပြေးညီ ပြန်ကြားရေးဝန်ကြီးဌာန၏ Website (www.moi.gov.mm, www.mdn.gov.mm, www.mrtv.gov.mm ) နှင့် Facebook Page (moiwebportalmyanmar , Myanmar Digital News, MRTV) တို့တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
တက်ရောက်သတင်းရယူကြမည့် မီဒီယာသမားများအနေဖြင့် အောက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-
- ဩဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီထက်နောက်မကျဘဲ နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ ရောက်ရှိသတင်းပို့ရပါမည်။
- စည်ပင်ဧည့်ရိပ်သာတွင် သတ်မှတ်ထားသည့် အဆောင်များ၌ တစ်ယောက်တစ်ခန်းနှုန်းဖြင့် တည်းခိုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်ရပါမည်။
- စည်ပင်ဧည့်ရိပ်သာတွင် နေထိုင်စဉ်အတွင်း တည်းခိုနေထိုင်စားသောက်စရိတ်ကို မိမိ အစီအစဉ်ဖြင့် ကျခံဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ (သက်သာသောနှုန်းထား ဖြစ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးပါမည်။)
- သတ်မှတ်သည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ Swab နမူနာ ရယူ စစ်ဆေးခြင်းကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
- ကိုဗစ်-၁၉ ကူးစက်မှု ရှိ/မရှိ စစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
- ထုတ်ပေးမည့် သတင်းမီဒီယာအသိအမှတ်ပြု ကတ်ပြားသည် ညီလာခံကာလအတွင်း MICC(1)နှင့် MICC(2) ရှိ သတ်မှတ်သည့် နေရာများတွင်သာ သတင်းရယူခွင့်ရရှိမည်ဖြစ်ပြီး ညီလာခံ တက်ရောက်သူများ တည်းခိုနေထိုင်သည့်နေရာများအပါအဝင် ကန့်သတ်ထားသည့်နေရာများတွင် သတင်းရယူခွင့်ပြုမည် မဟုတ်ပါ။
- ဖွင့်ပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားများတွင် သတ်မှတ်နေရာများမှ သတင်းရယူနိုင်ပြီး ကျန်အချိန်များတွင် Media booth ၊ Media Center များ၌သာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ညနေပိုင်းများတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမည် ဖြစ်ပါသည်။
- ညီလာခံဖွင့်ပွဲအခမ်းအနားအပြီး အစုအဖွဲ့အလိုက် အမှတ်တရဓာတ်ပုံရိုက်ကူးမှုကို နေရာ ကန့်သတ်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူရိုက်ကူးမည်ဖြစ်ပြီး Website (www.moi.gov.mm, www.mdn.gov.mm, www.mrtv.gov.mm )နှင့် Facebook Page (moiwebportalmyanmar , Myanmar Digital News, MRTV) များမှ အချိန်မီ ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။
-ညီလာခံအစည်းအဝေးများ ကျင်းပနေစဉ်ကာလအတွင်း စည်ပင်ဧည့်ရိပ်သာမှ အခမ်းအနား ကျင်းပမည့်နေရာသို့ အသွားအပြန် ကြို/ပို့ယာဉ်၊ နေ့လယ်စာ စီစဉ်ပေးမည် ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ နှာခေါင်းစည်း၊ လက်အိတ်များနှင့် လက်သန့်ဆေးရည်များကို စီစဉ်ပေးမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း ၀၆၇-၃၄၁၂၁၂၅ နှင့် ၀၆၇-၃၄၁၂၁၂၆ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်


