ရန်ကုန် ၂၆ ဇူလိုင်
အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးသို့ အစိုးရ ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန် ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-SEAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ကြာဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြသည်။
ညှိနှိုင်းမှုများကို အဆက်မပြတ်ဆွေးနွေး
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးက အမှာစကားပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွင် နှစ်ဖက်အလုပ်အဖွဲ့များအနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းအားထုတ်ခဲ့ကြရပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အကန့်အသတ်များကြောင့် မျက်နှာစုံညီအစည်းအဝေး မတက်ရောက်နိုင်ကြသူများက Video Conferencing ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ အကန့်အသတ်များကြောင့် အခက်အခဲအချို့ရှိခဲ့သော်လည်း မိမိတို့ ဆွေးနွေးဖက်များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် ညှိနှိုင်းမှုများကို အဆက်မပြတ် ဆွေးနွေး နိုင်ခဲ့ကြကြောင်း။
wa Video Conferencing ဖြင့် အစည်းအဝေးများ ကျင်းပရာမှ ယနေ့ ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ အခက်အခဲများကြားက နှစ်ဖက်ကိုယ်စားလှယ်များ တက်ရောက်ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့အားလုံး အခက်အခဲအမျိုးမျိုးကြားမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးအတွက် ဦးတည်ကြိုးပမ်းနေ ကြသည်ကို သက်သေပြခြင်းပင် ဖြစ်ပါကြောင်း။
သဘောတူညီချက် တော်တော်များများရရှိခဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ထည့်သွင်းသွားမည့် သဘောတူညီချက်များ ရယူနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့များ ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ယခုဆိုလျှင် (၆)ကြိမ်ရှိပြီဖြစ်ကြောင်း၊ သဘောတူညီချက် တော်တော်များများလည်း ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးကို သြဂုတ်လဒုတိယပတ်အတွင်း ကျင်းပရန် လျာထားချက်ကို မူအားဖြင့် ညှိနှိုင်းသဘောတူထားပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါအချိန် ဇယားအား အတည်ပြုသွားရန် ရှိပါကြောင်း၊ ညီလာခံ တက်ရောက်မည့် နိုင်ငံရေးပါတီများကိုလည်း ကြိုတင် လေ့လာ၊ ဆွေးနွေးကြရန် အချိန်ပေးရမည် ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
ယခုကဲ့သို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် နေသလို တစ်ဖက်တွင်လည်း အစိုးရအနေဖြင့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အကြိုပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး (၄) ကြိမ်ကျင်းပခဲ့ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကာလဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ဖွယ်ရာရှိသည်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် နေပါကြောင်း၊ အစိုးရ၏ ကျင်းပရေးလုပ်ငန်းကော်မတီ များအနေဖြင့် EAO နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆိုလျှင် EAO များဘက်က ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ ဖွင့်ပွဲအခမ်းအနား တက်ရောက်မည့် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့က ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ၊ ဖွင့်ပွဲအခမ်းအနတက်ရောက်မည့် ခေါင်းဆောင်များ၏ စာရင်းဇယားများအားလုံး အစိုးရဘက်သို့ ပေးပို့ထား၍ လက်ခံရရှိပြီး ဖြစ်ပါကြောင်း။
အတည်ပြုချက်ရယူသွားမည်
မိမိတို့အကြား နှစ်ဖက် သဘောထား လိုလားချက်များကို အကျေအလည် ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်လက်ခံ နိုင်သည့် သဘောထားများ ရရှိထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် သဘောတူညီချက်များ ထပ်မံရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ယခုညှိနှိုင်းမှု ပြီးပါက အစည်းအဝေး (၆) ကြိမ်တွင် ရရှိထားသည့် သဘောတူညီချက်များကို JICM တွင် တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ပါကြောင်း။
မိမိတို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးရရှိသည့် သဘောတူညီ ချက်များသည် မကြာမီကျင်းပမည့် (၂၁) ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ပေါ်ထွက်လာမည် ဖြစ်ပါကြောင်းနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအတွက် အများပြည်သူ၏ မျှော်လင့်ချက်ဖြစ်၍ အားလုံးဝမ်းပန်း တသာရှိကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဆက်လက်၍ ရလဒ်ကောင်းများ ပိုမိုရရှိနိုင်ရန်အတွက် ကြိုးစားပေး ကြပါဟု ပြောကြားခဲ့သည်။
အခက်အခဲအနည်းငယ်ရှိခဲ့
ဆက်လက်၍ NCA-SEAO ၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက မတ်လနောက်ပိုင်းမှစ၍ယခုကဲ့သို့ နှစ်ဖက် ခေါင်းဆောင်များ စုံစုံညီညီ မျက်နှာစုံညီ ပြန်လည်တွေ့ဆုံ ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခု အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ကျေကျေလည်လည် ညှိနှိုင်းဆွေးနွေးနိုင်သည့် အခင်းအကျင်းအား မိမိတို့ ဖန်တီးနိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစည်းအဝေး နှစ်ကြိမ်သည် online ဖြင့်သာ ဆွေးနွေး ပြုလုပ်ရသည့်အတွက် ညှိနှိုင်းဆွေးနွေးရာတွင် အကန့်အသတ်များနှင့် အခက်အခဲအနည်းငယ် ရှိခဲ့ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လအတွင်း ကျင်းပမည်ဖြစ်၍ ယခုသုံးရက်တာအစည်းအဝေး၌ ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးတွင် ချန်ထားခဲ့သည့် ဆက်လက်ညှိနှိုင်းရန်အချက်များကို သဘောတူညီချက်ရရန် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရေးနှင့် ပတ်သက်သည့် အသေး စိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေအောက်တွင် ကျင်းပရမည်ဖြစ်၍ ညီလာခံအခင်းအကျင်း ပြောင်းလဲကျင်းပရန် ရှိသော်လည်း အဓိပ္ပာယ်ရှိ၍ အနှစ်သာရပြည့်ဝပြီး ရလဒ်ကောင်းများ ထွက်ရှိသည့် ညီလာခံဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊
ယခုသုံးရက်တာ အစည်းအဝေး၌ ဆွေးနွေးရမည့် အကြောင်းအရာများထဲတွင် အဓိကကျ အရေးပါသည့် အကြောင်းအရာများ ပါဝင်နေ၍ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ များအနေဖြင့် နှစ်ဖက်လက်ခံနိုင်သည့် သဘောတူညီချက်များ ရရှိစေရန် ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ မျှတထိုက်သင့်သည့် အလျှော့အတင်းများကို နှစ်ဖက်စလုံးက ဆောင်ရွက်သင့်ကြောင်းကို တိုက်တွန်းလိုပါကြောင်း။
အားလုံးကျေနပ်လက်ခံသည့် ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ချောမွေ့ဖြောင့်ဖြူးရေးတို့အတွက် ယခု ညှိနှိုင်းအစည်းအဝေးတွင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေး ပေးကြပါဟု ပြောကြားခဲ့သည်။
ဆွေးနွေးညှိနှိုင်းသွားမည်
ဇူလိုင် ၂၇ ရက်အထိ ကျင်းပသွားမည့် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM အစည်း အဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက် နှစ်ဖက်အဆိုပြုချက်များတွင် ပါဝင်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ် များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ကိစ္စ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးနှင့် ညီလာခံမတိုင်မီ ကျင်းပမည့် ဆက်စပ်အစည်းအဝေးများ၏ အချိန်ဇယား သဘောတူညီ ချက်ရယူခြင်းကိစ္စတို့ကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်သည်။
ယနေ့ အစည်းအဝေးမှ ရရှိလာသည့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းချက်များအား သက်ဆိုင်ရာ အစုအဖွဲ့ အလိုက် ပြန်လည်ဆွေးနွေးသုံးသပ်၍ ဇူလိုင် ၂၇ ရက်တွင် အစည်းအဝေးပြန်လည်ကျင်းပကာ သဘောတူညီချက်များ ရယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲခေါင်ညွန့်


