၂၆ ဇူလိုင်
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့လူသားအားလုံး ကြောက်မက်ဖွယ်ရာ ကြုံတွေ့နေရသည့် ကပ်ရောဂါဆိုးကြီး ဖြစ်သည်။ မမျှော်လင့်ဘဲ မကြုံစဖူး ကြုံတွေ့ခဲ့ရပြီး ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရောဂါပိုးကူးစက်ခံရသူ ၁၅ သန်းကျော်၊ သေဆုံးသူ ခြောက်သိန်းကျော် ရှိလာပြီဖြစ်သည်။ တရားတော်အရ လူသားအားလုံးသည် ရောဂါဘေးအပါအဝင် ဘေးဒုက္ခအမျိုးမျိုး နှင့်မကင်းပေ။ လူဟူ၍ ဖြစ်လာသည်နှင့် အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-အစိုးမရခြင်းဟူသည့် ဖြစ်ခြင်း၊ ပျက်ခြင်းတို့နှင့် မလွဲမသွေ ရင်ဆိုင်ရပေရာ ယခုအခါ ကြောက်မက်ဖွယ် ရောဂါဘေးဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် ဖြစ်ခြင်း၊ ပျက်ခြင်း အကြောင်းတရားသာ ဖြစ်သည်။ လူသားများ မလွဲမသွေ ရင်ဆိုင်ရမည့်ကပ်ဘေးတစ်မျိုးဖြစ်သည်။ ထိုသို့ရင်ဆိုင်ကြုံတွေ့ရသည့် ဘေးဒုက္ခဆင်းရဲမှု အပေါင်းတို့မှ လွတ်မြောက်အောင် ကြိုးစားအားထုတ်နိုင်ခြင်း၊ အားမထုတ်နိုင်ခြင်းတို့သည် အကျိုးတရားဖြစ်သည်။ ရောဂါဘေးနှင့် ဒုက္ခအခက်အခဲမှ လွတ်ကင်းအောင် ကြိုးပမ်းအားထုတ်နိုင်ခြင်းသည် မိမိတို့၏အသက်ဘဝနှင့် ပတ်ဝန်းကျင် လုံခြုံစိတ်ချမှုအတွက် အကျိုးဖြစ်စေသည်။
လူတိုင်းကိုယ်စီတွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ခြင်း၊ ပျက်ခြင်းသဘောများ အစဉ်မပြတ်ဖြစ်နေကြသည်။ ပေါ့ပေါ့တန်တန် နေထိုင်သူများအဖို့ အလျင်အမြန် ပျက်စီးပြီး သတိမူဆင်ခြင် နေထိုင်သူများအဖို့ ကြာရှည် တည်တံ့လေသည်။ ယခုအခါ ကိုဗစ်-၁၉ သည် လူသားများအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြစ်ခြင်း၊ ပျက်ခြင်း သဘောကို ရှုမြင်နိုင်ရန် သတိပေးလေပြီ။ လူသားများ သတိရှိကြလော့၊ မိမိတို့၏ အသက်နှင့်ခန္ဓာ အလျင်အမြန် မပျက်စီးစေရေး သတိမူဆင်ခြင်နေထိုင်ကုန်ကြလော့၊ လောကပါလတရားများကို လူသားများ လိုက်နာကျင့်သုံးပြီး မိမိတို့ခန္ဓာ၊ မိမိတို့စီးပွား အကျိုးများအောင် ကြိုးစားအားထုတ်ကုန်လော့ဟု သတိပေး နေသကဲ့သို့ပင် ဖြစ်လေသည်။
ကိုဗစ်-၁၉ ဟူသော အကြောင်းတရားသည် လောကလူသားအားလုံး ပိုမိုတိုးတက်ကောင်းမွန်စွာ နေထိုင်နိုင်ရေး ပြုပြင်ပြောင်းလဲလုပ်ကိုင်ကြရန် ဆော်သြပေးခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသက်သက် လုပ်ကိုင်ကြခြင်း သာမက လောကလူသားများအားလုံး၏ စိတ်နေစိတ်ထားများ၊ လုပ်ကိုင်ဆောင်ရွက်မှုများ အားလုံးတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲလုပ်ကိုင်ကြရန် သတိပေးသည့်သဘောဖြစ်သည်။
ကိုဗစ်နှင့်ပတ်သက်၍ လုပ်ဆောင်မှုများအားလုံးကို ရေတိုဖြေရှင်းရေးအတွက်သာမက ရေရှည်အတွက်ပါ ဖြေရှင်းလုပ်ကိုင် ဆောင်ရွက်ကြရ မည်ဖြစ်သည်။ လူသားများအားလုံးနှင့် လူသားများနေထိုင်ရာနိုင်ငံဒေသ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လိုအပ်ချက်ဟူသမျှတို့ကိုပါ မျက်ခြည်မပြတ် သတိကပ်ရှုမြင်၍ ပြုပြင်ပြောင်းလဲကြိုးစားရုန်းကန် လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ ကိုဗစ်ကြောင့် ကြုံတွေ့လာရသော စိန်ခေါ်မှုများကို နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူရင်ဆိုင်ကျော်လွှားကြရ မည်ဖြစ်သည်။ ကိုဗစ်-၁၉ စိန်ခေါ်မှုများကို ကျော်လွှားရေး၊ ဖြစ်ပေါ်ခဲ့သော၊ ဖြစ်ပေါ်နေဆဲ အခက်အခဲများကို ကျော်လွှားရေးအတွက် ယခုအချိန်ကာလတွင် အနစ်နာခံ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြကာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ လူသားများအားလုံး ရောဂါဘေးဒုက္ခများမှ ကင်းဝေးစေရေးအတွက် ကြိုးပမ်းအားထုတ် တွန်းလှန်ဖယ်ရှားနိုင်ရန် ပေါ်ပေါက်လာသော အကြောင်းတရားဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့လူသားများအားလုံး၏ ပိုမိုကောင်း မွန်သောအနာဂတ် ဖြစ်ပေါ်လာအောင် ပြုပြင်ပြောင်းလဲ၍ အသစ်တစ်ဖန် ပြန်လည်ကြိုးပမ်းအားထုတ်နိုင်မည့် အကျိုးတရားဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ