ဝါရှင်တန် ၂၆ ဇူလိုင်
အမေရိကန်နိုင်ငံအတွင်း အသုံးပြုရန်ညွှန်ကြားထားသည့် ဆေးဝါးများကို ဈေးနှုန်းလျှော့ချရန် ရည်ရွယ်သည့် အမိန့်ထုတ်ပြန်ချက်လေးခုကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
“ယနေ့ မိမိလက်မှတ်ထိုးလိုက်သည့် အမိန့်ထုတ်ပြန်ချက်လေးခုသည် ပြည်တွင်းရှိ သုံးစွဲရန် ညွှန်ကြားထားသော ဆေးဝါးဈေးကွက်ကို ပြန်လည် ပြင်ဆင်သတ်မှတ် ပေးနိုင်လိမ့်မည်” ဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။
အမိန့် ထုတ်ပြန်ချက်များအရ ပြည်ပမှဈေးနှုန်းချိုသာသည့် ဆေးဝါး များတင်သွင်းခွင့်နှင့် လျှော့ဈေးဖြင့် ရောင်းချခွင့်များကိုလည်း ခွင့်ပြုပေး မည်ဖြစ်ကြောင်း သိရသည်။
သမ္မတထရမ့်သည် လာမည့် ရက်သတ္တပတ်တွင် ဆေးဝါးထုတ်လုပ် ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အချို့ဆေးဝါးလုပ်ငန်း ကျွမ်းကျင်သူအချို့က ဆေးဝါးများ ဈေးနှုန်းလျှော့ချရန် သမ္မတထရမ့်၏ လက်မှတ်ရေးထိုးမှုကို အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ယင်းသို့ လုပ်ဆောင် ခြင်းဖြင့် ထိရောက်မှုမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်၏ လုပ်ရပ်သည် ဆင်ခြင်မှုမဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်- ၁၉ ကူးစက်ရောဂါအပေါ် မိမိတို့၏ တုံ့ပြန်ဆောင်ရွက်နေမှုများ ကို အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု၌ ကိုဗစ် -၁၉ စတင်ကူးစက်ဖြစ်ပွားခဲ့ချိန် မှစတင်ကာ သမ္မတထရမ့်၏အစိုးရ အဖွဲ့သည် ကိုဗစ်- ၁၉ အခြေအနေများ ပိုမိုဆိုးရွားလာသည့်အတွက် စီမံ ခန့်ခွဲဆောင်ရွက်မှု ညံ့ဖျင်းသည်ဟု ဆိုကာ ပြစ်တင်ဝေဖန်ခံခဲ့ရသည်။
လက်ရှိတွင် အမေရိက၌ ကိုဗစ်- ၁၉နှင့် ဆက်နွှယ်သည့် သေဆုံးမှု ပေါင်း ၁၄၅၀၀၀ အထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ဝေဖန်သူများက အိမ်ဖြူတော်သည် ဆေးဝါးများ ဈေးနှုန်း သတ်မှတ်သည့်မူဝါဒကို အကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ပိုင် ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ် ထားသည်ဟု ဝေဖန်ခဲ့ကြသည်။
အေအက်ဖ်ပီ