၂၆ ဇူလိုင်

 

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်း ဆိုးဆိုးရွားရွားထိခိုက်နေရသော ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေး ဆွဲဆောင်မှုအစီအစဉ်တစ်ရပ်ကို အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ နိုင်ငံတကာခရီးသွားလုပ်ငန်းနှင့် လူမှုရေးဘဝများ ဆက်နွှယ်နေပုံကို စေ့ငုလေ့လာ မိလေ၏။

 

ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်မည် ဆိုပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်တက် လာနိုင်သည်ဆိုသော စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေလင့် ကစား ဂျပန်အစိုးရက “ခရီးသွားလုပ်ငန်း ဆွဲဆောင်မှု အစီအစဉ် လှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်သည်။ ခရီးသွားလာရာတွင် ကျခံရမည့် ကုန်ကျစရိတ်များ သက်သက်သာသာဖြစ်စေခြင်း၊ ခရီးထွက်ခွာရာတွင် ပြန်ရောက်မည့်နေရာများနှင့် အမှတ်တရလက်ဆောင် ပစ္စည်း အရောင်းဆိုင်များတွင် အသုံးပြုနိုင်မည့် ကူပွန် လက်မှတ်များ ထုတ်ပေးခြင်းတို့ ပါဝင်သည်။

 

ခရီးသွားလုပ်ငန်း ပြန်လည်လှုံ့ဆော်ရေးအစီအစဉ်ကို စတင်လိုက်သော်လည်း မြို့တော်တိုကျိုသည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်ခေါင်းထောင်လာနေသဖြင့် ယင်းအစီအစဉ်တွင် မြို့တော်တိုကျိုကို ချန်လှပ်ထား သည်။

 

တားမြစ်

 

ကပ်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် မြို့တော် တိုကျိုမှ ပြင်ပသို့ အလည်အပတ်ခရီးထွက်ခွာခြင်း၊ ပြင်ပမှ ခရီးသည်များ မြို့တော်တိုကျိုသို့ အလည်အပတ် လာရောက်ခြင်း မပြုကြရန် အစိုးရကတားမြစ်ထားသည်။

 

တိုကျိုနည်းတူ အိုဆာကာမြို့သည်လည်း ကမ္ဘာ့ ကပ်ရောဂါ ခြိမ်းခြောက်နေဆဲဖြစ်သဖြင့် ခရီးသွားလာမှု များကို ထိန်းချုပ်ကန့်သတ်ထားဆဲဖြစ်သည်။

 

ဇူလိုင်လ ၂၂ ရက်မှ စတင်လိုက်သော ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရေးအစီအစဉ်ကို ဂျပန်အစိုးရက ယန်းငွေ ၁ ဒသမ ၃၅ ထရီလီယံ သုံးစွဲ၍ ဆောင်ရွက်ရန် မျှော်မှန်းသည်။ အဆိုပါအစီအစဉ်အရ မည်သူမဆို မည်သည့်နေရာသို့မဆို သွားရောက် လည်ပတ်ခွင့်ရှိပြီး ခရီးသွားစရိတ်သက်သာစေရန် သဘောတူညီချက်များနှင့် ဘောက်ချာများမှတစ်ဆင့် လျှော့ဈေးပေးသောနှုန်းထားများကို အစိုးရက ကျခံပေး မည်ဖြစ်သည်။

 

သို့ရာတွင် မြို့တော်တိုကျို၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ပြည်သူတို့ အနေဖြင့် အရေးတကြီးမလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန် တိုကျိုမြို့တော်ဝန်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ခရီးထွက်ကြစို့ (Go to Travel) အစီအစဉ်ကို ဂျပန်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။ အစီအစဉ်အရ ပြည်သူများ ပြည်တွင်းခရီးသွားလာမှုအတွက် အစိုးရက ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးမည်ဖြစ်သည်။

 

ခရီးထွက်ကြစို့ (Go to Travel) အစီအစဉ်သည် ဩဂုတ်လမှစ၍ နိုင်ငံတစ်ဝန်းလုံးလွှမ်းခြုံစေရန် အစိုးရက မျှော်မှန်းခဲ့သည်။ ရည်မှန်းချက်ကြီးမားလှသော အစီ အစဉ်အဖြစ် ရှုမြင်ရပြီး အစီအစဉ်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ပါက ဂျပန်ခရီးသွားလုပ်ငန်း ဈေးကွက်ကြီးတစ်ရပ်လုံး၏ ၅၅ ရာခိုင်နှုန်းအထိ အကျိုး ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ပွဲလမ်းသဘင်များ ပြန်လည် သက်ဝင်လှုပ်ရှားလာနိုင်ကြောင်း ဒိုင်အိချိ အသက် အာမခံကုမ္ပဏီ၏စစ်တမ်းတွင် ဖော်ပြထားသည်။

 

စင်ကာပူ

 

ဂျပန်နိုင်ငံနည်းတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း အထိနာခဲ့ရသော စင်ကာပူ နိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့ရေး လှုပ်ရှားမှုအစီအစဉ်သစ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

 

စင်ကာပူနိုင်ငံတွင် ပြည်သူများ အားလပ်ရက်များတွင် အလည်အပတ်ထွက်ခွာမှုကို အစိုးရကပြန်လည်အားပေး လျက်ရှိသည်။ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် နာလန်ထူစေရန် ရည်ရွယ်လျက် စင်ကာပူဒေါ်လာ ၄၅ သန်း ရန်ပုံငွေ သုံးစွဲ၍ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စင်ကာပူခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန အောက်ရှိ စီးပွားရေးလုပ်ငန်းများဘုတ်အဖွဲ့နှင့် အဆိုပါ ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဆန်တိုဆာဖွံ့ဖြိုးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းကာ အကောင်အထည်ဖော်မည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး ဆိုက်ရောက်ခဲ့ရသော် လည်း စင်ကာပူနိုင်ငံ၏ ကာလလတ်နှင့် ကာလရှည် ခရီးသွား လုပ်ငန်းရင်းနှီးမြှုပ်နှံရေး အစီအစဉ်များကို ကြီးကြီးမားမား ပြင်ဆင်ပြောင်းလဲမှုမရှိနိုင်ကြောင်း စင်ကာပူခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့အကြီးအကဲ ကိတ်တန်က ပြောကြားသည်။

 

လွန်ခဲ့သည့်နှစ် အခြေပြစာရင်းအရ စင်ကာပူခရီးသွား လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူပေါင်း ၆၅၀၀၀ ခန့်ရှိ သည်။

 

ဗီယက်နမ်

 

အလားတူပင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ရသော ဗီယက်နမ်နိုင်ငံသည် လည်း ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းလျက်ရှိသည်။

 

ဗီယက်နမ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက်ပျက်ခဲ့ရမှုကို ကုစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဗီယက်နမ်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့သည် နိုင်ငံတကာလေကြောင်းခရီးစဉ် အချို့ ပြန်လည်စတင်နိုင်ရန် ရွေးချယ်နိုင်ငံအချို့နှင့် သဘော တူညီချက်များ ရယူခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းမှစ၍ တရုတ် (တိုင်ပေ)၊ ကွမ်ကျိုး(တရုတ်နိုင်ငံ)၊ တိုကျို(ဂျပန်နိုင်ငံ)နှင့် ဆိုးလ်(တောင်ကိုရီးယား)တို့မှ လေကြောင်းခရီးစဉ်ပျံသန်း မှုများကို ခွင့်ပြုပေးတော့မည်ဖြစ်သည်။

 

ပင်လယ်ရပ်ခြားရောက် မိမိ၏နိုင်ငံသားများ၊ သံတမန် များ၊ အထက်တန်းတာဝန်ရှိ ပုဂ္ဂိုလ်အဆင့် လုပ်ငန်းဗီဇာဖြင့် လာရောက်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အထူးခွင့်ပြုချက်ရ ပုဂ္ဂိုလ်များကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးရန် သဘော တူညီချက်များ ရယူထားသည်။

 

လောလောဆယ်တွင်မူ ပြည်ပမှဝင်ရောက်လာသူများ သည် ၁၄ ရက် ရောဂါ ခြေချုပ်ချထားမှုကို ခံယူရမည်ဖြစ် သည်။ ပဏာမအစီအစဉ်အောင်မြင်မှုရရှိပါက နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ပြန်လည်ခွင့်ပြုပေးနိုင်ရန် ဗီယက်နမ်အစိုးရက လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် စင်ကာပူအစိုးရအဖွဲ့များနှင့် အလားတူ သဘောတူညီချက်များ ဆက်လက်ရယူသွားမည်ဖြစ်သည်။

 

နိုင်ငံတကာခရီးသည်များအပေါ် ထိန်းချုပ်ကန့်သတ် မှုများ ဖြေလျှော့ခြင်းကို သတိရှိရှိဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကပ်ရောဂါအခြေအနေပေါ်မူတည်၍ ဖြေလျှော့ မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်ခရီးသွား လုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

 

အင်ဒိုနီးရှား

 

ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းထိခိုက်ခဲ့ရ သော အင်ဒိုနီးရှားနိုင်ငံသည်လည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဖြေလျှော့မှုများကို ဇူလိုင်လမှစ၍ စတင်လျက်ရှိသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ အကျော်ကြားဆုံး ဘာလီကျွန်းကို ဇူလိုင် ၉ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သုံးလ ခန့်မျှ ပိတ်ထားခဲ့ရသော အပန်းဖြေစခန်းတည်ရာ ဘာလီ ကျွန်းသည် ဇူလိုင် ၉ ရက်မှစ၍ ပြန်လည်အသက်ဝင် လှုပ်ရှားလာသည်။

 

ဘာလီကျွန်းရှိ လည်ပတ်စရာနေရာများကို ပြည်တွင်း ခရီးသည်များအတွက် ဖွင့်လှစ်ပေးရာတွင် ပဏာမအဆင့် အရ ဘာလီကျွန်းတွင်နေထိုင်သူများကို လည်ပတ်ခွင့်ပေး လိုက်ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံရှိ အခြားသော အရပ် ဒေသများမှ အလည်အပတ်လာရောက်မည့်သူများကို ဇူလိုင် ၃၁ ရက်မှစ၍ ခွင့်ပြုပေးမည်ဖြစ်သည်။ ကျန်းမာရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အပန်းဖြေ စခန်းများကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သော်လည်း နိုင်ငံတကာခရီးသည်များကိုမူ စက်တင်ဘာလရောက်မှသာ ဖွင့်လှစ်ပေးမည်ဟု ပြည်နယ်ခရီးသွားလုပ်ငန်းဌာနက ပြောကြားသည်။

 

ပြည်သူ လေးသန်းကျော်နေထိုင်ရာ ဘာလီကျွန်းရှိ ကမ္ဘာလှည့်ခရီးသွား အပန်းဖြေစရာနေရာများ၊ ဟိုတယ် များ၊ စားသောက်ဆိုင်များနှင့် ပင်လယ်ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်ပေးသည့်တိုင်အောင် ကပ်ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဆိုင်ရာ တင်းကျပ် သောစည်းမျဉ်းစည်းကမ်းများကို အလည်အပတ်လာရောက် သူများ လိုက်နာရန် လိုအပ်ပေသည်။

 

တောင်ကိုရီးယား

 

ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးအတွက် ပြန်လည်ကြိုးပမ်းနေသော အာရှနိုင်ငံတစ်နိုင်ငံမှာ တောင်ကိုရီးယားဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို သိသိသာသာထိန်းချုပ် နိုင်သော ထိုင်း၊ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်တို့နှင့် ပြန်လည်ချိတ်ဆက်ကာ ခရီးသွားလုပ်ငန်း ဦးမော့လာ စေရန် ကြိုးပမ်းလျက်ရှိသည်။

 

ဩစတြေးလျ၊ နယူးဇီလန်နှင့် အာရှအိမ်နီးချင်း ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသည်များကို ဦးစားပေး အစီအစဉ်အရ ပြန်လည်ဝင်ရောက်ခွင့်ပေးရန် တောင်ကိုရီးယားနိုင်ငံက မျှော်မှန်းသည်။

 

ပြည်ပမှ ဝင်ရောက်လာသူများသည် ကူးစက်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာပါရှိပါက ၁၄ ရက် ကျန်းမာရေးခြေချုပ်ချမှုမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ် သည်။

 

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင် နိုင်ရန် ကိုရီးယားခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် အခြားသောနိုင်ငံများမှ အသင်းအဖွဲ့များအကြား ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုမှာ အလွန့် အလွန် နည်းပါးသွားခဲ့ပြီး ပြီးခဲ့ သည့်မေလတွင် ခရီးသည် ၆၁၁၁ ဦးသာ ရှိခဲ့သည်။ ယင်းမှာ လွန်ခဲ့သည့်တစ်နှစ်က တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သူဦးရေ ၁ ဒသမ ၂၃ သန်းနှင့် နှိုင်းယှဉ်ကြည့် နိုင်သည်။

 

တောင်ကိုရီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုမှာ ယင်းနိုင်ငံသို့ ရောက်ရှိလာသော လေယာဉ်များနှင့် ရေယာဉ်များပေါ်တွင် တာဝန် ထမ်းဆောင်သူ ဦးရေထက်ပင် ပိုမိုလျော့နည်းနေသည် ဆို၏။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ပြည်ဝင်ဂိတ်များကို ပိတ်ထားရမှု၏ အကျိုးရလဒ်အဖြစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆိုးဆိုးရွားရွား ထိခိုက်ရခြင်း ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါအရ ထိန်းချုပ် ကန့်သတ်မှုများပြုလုပ်ရခြင်းကြောင့် နိုင်ငံတကာလေကြောင်းဌာနများမှာလည်း ဝင်ငွေကျဆင်းကာ အလုပ် အကိုင်နေရာများကို လျှော့ချခဲ့ကြရသည်။ တရုတ်နိုင်ငံ သည် နိုင်ငံခြားလေကြောင်းလိုင်းတစ်ခုလျှင် ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်သာ ပျံသန်းခွင့်ပေးခဲ့သည်။ တရုတ်(တိုင်ပေ)မှာလည်း အုပ်စုလိုက် လာရောက်သည့် အလည်အပတ်ခရီးစဉ်များအားလုံးကို တားမြစ်ပိတ်ပင် ခဲ့သည်။

 

ဂုဏ်ရည်များ

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း တွင် ခရီးသွားလုပ်ငန်းများ တစ်ဟုန်ထိုးကျဆင်းခဲ့ ရခြင်းဖြင့် ခရီးသွားလုပ်ငန်းမှပေးစွမ်းသော ကောင်းကျိုး ရလဒ်များ ဆုံးရှုံးနစ်နာရသည်မှာကား ထင်ရှားလှသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း၊ ကမ္ဘာ့နိုင်ငံ များအတွင်း အပြန်အလှန်နားလည်မှုရှိရန် အထောက် အကူပေးခြင်း၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူ့အခွင့်အရေးတို့ကို တန်ဖိုးထားခြင်း စသည့် ကောင်းမြတ် သော ဂုဏ်ရည်များ ရရှိနိုင်ပေသည်။

 

ကမ္ဘာတစ်ဝန်းတွင် အပန်းဖြေခရီးစဉ်များ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် လေ့လာရေးခရီးစဉ်များ၊ သဘာဝအခြေခံခရီးစဉ်များ၊ အဏ္ဏဝါခရီးစဉ်များ၊ ခြေလျင် တောင်တက်နှင့် စွန့်စားမှုခရီးစဉ်များ၊ တောလမ်း ကားမောင်းပြိုင်ပွဲနှင့် ကားအပျော်စီးခရီးစဉ်များ၊ စက်ဘီးစီးခရီးစဉ်များ၊ မီးပုံးပျံခရီးစဉ်များ၊ ဘာသာရေး ဆိုင်ရာ ခရီးစဉ်များ၊ အပျော်စီးသင်္ဘောခရီးစဉ်များ၊ စင်းလုံးငှားလေယာဉ်ခရီးစဉ်များ၊ အားကစားအခြေပြု ခရီးစဉ်များ၊ ကျန်းမာရေးအခြေပြု ခရီးစဉ်များ စသည့် ခရီးသွားလုပ်ငန်းအမျိုးအစားပေါင်းစုံသည် ကပ်ရောဂါ ဆိုးကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရမှုမှ ပြန်လည် နာလန်ထူလာရန် ဦးတည်လှုပ်ရှားလာနေပုံကို ကျွန်ုပ် အလေးမူမိရင်း “လိုရာစီးပွား တိုးပွားဖို့ ခရီးသွားစို့ ဟု ကျူးရင့်မိပါသတည်း။ ။

 

ကိုရင်ဩ

SOURCE: ASIAN NEWS UPDATES