မကွေး ၂၆ ဇူလိုင်

 

မြန်မာနိုင်ငံတွင် သဘာဝအင်ကြင်းကျောက်(အကြမ်း)များကို မကွေးတိုင်းဒေသကြီး၌ ထွက်ရှိမှုအများဆုံးအဖြစ် တွေ့ရပြီး သမိုင်းတန်ဖိုးကြီးမားသော ကျောက်များထားရှိရာ အင်ကြင်းကျောက်ဥယျဉ်ကြီးတစ်ခုကို နေထိုင်ရာဒေသတွင် ထားရှိစေချင်ကြောင်း သယံဇာတမြတ်နိုးသည့် အင်ကြင်းကျောက်စုဆောင်းသူများထံမှ သိရသည်။

 

သဘာဝတွင်းထွက်ရတနာ အင်ကြင်းကျောက်အပေါ် နိုင်ငံသားများ ဂုဏ်ယူတန်ဖိုးထားလာစေရန်၊ မှန်ကန်သော ပြည်တွင်းဈေးကွက် တစ်ခုဖြစ်လာရန်၊ နိုင်ငံတကာအဆင့်မီ စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖော်ဆောင်နိုင်ရန်၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်နိုင်ရန်တို့ကို ရည်ရွယ်၍ အဆိုပါဥယျာဉ်ကြီး ရှိလာစေလိုခြင်း ဖြစ်သည်။

 

“မကွေးတိုင်းမှာ မြို့နယ် ၂၅ မြို့နယ်ရှိတဲ့ထဲက ၁၆ မြို့နယ်မှာ အင်ကြင်းကျောက်ထွက်တယ်။ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေတာလည်း နှစ်ပေါင်း (၂၀)လောက်ရှိပြီ။ တရုတ်နယ်စပ်တစ်ခုတည်းကိုပဲ ပို့ကုန်အဖြစ် တင်ပို့ရောင်းချနေရတယ်။ ကိုယ့်ဒေသမှာ အင်ကြင်းကျောက်ဥယျဉ်ကြီးအဖြစ် ပြစားရင်ကို ရလာမယ့်အကျိုးဆက်တွေက အများကြီးပဲ။ ဒီကိစ္စကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပါတယ်” ဟု အင်ကြင်းကျောက် ရှာဖွေစုဆောင်းသူ ကိုဧဗလလင်းက ပြောသည်။

 

အင်ကြင်းကျောက်ကို ကုန်ကြမ်းအဖြစ်ရောင်းချနေမည့်အစား ကုန်ချောထုတ်နိုင်သည့်နေရာ (သို့မဟုတ်) ပြခန်းဥယျာဉ်ကြီးအဖြစ် ဖန်တီးပေးလျှင် အင်ကြင်းကျောက်လုပ်ကိုင်နေသူများနှင့် နိုင်ငံတော်အပေါ်တွင် အကျိုးအမြတ် ပိုရှိလာနိုင်သည်ဟု အင်ကြင်းကျောက် တစ်ပိုင်တစ်နိုင် တူးဖာ်ကြသူများက ယူဆနေကြသည်ဟု သိရသည်။

 

“အင်ကြင်းရုပ်ကြွင်းတွေရဲ့ ဖြစ်တည်မှုအပေါ် မူတည်ပြီးတော့ နိုင်ငံရဲ့ဖြစ်တည်မှုကို ကောက်ချက်ဆွဲလို့ ရတာတွေရှိတယ်။ ဒါတွေကို လွယ်လွယ်နဲ့ ထုတ်ရောင်းနေတဲ့ဟာမျိုးတွေရှိရင် ပညာရပ်ပိုင်းဆိုင်ရာ၊ ဘူမိဗေဒပိုင်းဆိုင်ရာ လေ့လာမှုတွေမှာပါ ကွင်းဆက်ပြတ်သွားနိုင်တယ်။ ဒါတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်” ဟု ကိုအိုလာ (Green Network) က မှတ်ချက်ပြုသည်။

 

မကွေးတိုင်းတွင် အင်ကြင်းကျောက် ပေအရှည်များစွာတွေ့သည့် နေရာများကို သွားရောက်လည်ပတ်၍ ရသည့် နေရာမျိုးအဖြစ် စီစဉ်ထားနိုင်လျှင် ကျောင်းသားကျောင်းသူများ၊ ပညာရှင်များက လေ့လာမှုပြုလုပ်နိုင်မည်ဖြစ်ပြီး တွေ့ရှိမှုပေါ် အခြေခံကာ ဆင့်ကဲတွေ့ရှိမှုတွေ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

မကွေးတိုင်းတွင် အင်ကြင်းကျောက်ဥယျာဉ်ကြီးသာ တည်ရှိလာပါက ခရီးသွားလုပ်ငန်းဆိုင်ရာ နေရာသစ်တစ်ခု ဖြစ်တည်လာကာ နိုင်ငံရပ်ခြားခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်ထံမှ သိရှိရသည်။

 

ဇေယျတု(မကွေး)