တံတားဦး ၂၆ ဇူလိုင်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုအတွင်း ရေဘေးသင့်ပြည်သူများအား ယနေနံနက် ၁၀ နာရီက အဆိုပါကျေးရွာ မင်္ဂလာဗိမာန်ဘုန်းတော်ကြီးကျောင်း ရာပြည့်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပေါက်မြိုင်ကျေးရွာအုပ်စုတွင် လူဦးရေ(၁၀၀)ကျော်အား အထွေထွေရောဂါကုသမှုအဖြစ် ငှက်ဖျား၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှာစေး၊ ချောင်းဆိုး၊ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျော စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စမ်းသပ်ကုသပေးခြင်းကို ဆောင်ရွက်ကြပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြာခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြို့နယ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်း ရေဝင်ရောက်မှုနေရာများ၊ ရေဝင်ရောက်၍ ပျက်စီးဆုံးရှုံးရသည့် သီးနှံစာရင်းများနှင့် ဧကစာရင်းများ အမြန်ဆုံးကောက်ယူနိုင်ရေးတို့ကို ကျေးရွာရပ်မိရပ်ဖများအား ဆွေးနွေးပြောကြားကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ထောက်ရစ်ကျေးရွာအုပ်စု၊ မြေငူကျေးရွာအုပ်စုနှင့် လက်ဆောင်ယူကျေးရွာအုပ်စုတို့တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့် (တံတားဦး ပြန်/ဆက်)


