ညောင်ဦး ၂၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသကြီး ၅ ခုတွင် ဆောင်ရွက်မည့် အမှိုက်ခွဲခြားမှုစနစ် စတင်ဆောင်ရွက်ခြင်းအား ဇူလိုင် ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ နေရာသုံးနေရာတွင် စတင်ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။
အဆိုပါ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစုပေါင်းတည်ရှိရာ ဒေသကြီး ၅ ခုတွင် ယနေ့ ၃ နေရာအား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ASEAN SDGs အစီအစဉ်အရ JAIF ၏ ပံ့ပိုးကူညီမှုဖြင့် KGES မှပညာရှင်များ၏ နည်းပညာမူဘောင်အရ စစ်တမ်းကောက်ယူသောစီမံကိန်းကို ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသကြီး ၅ ခုတွင်ဆောင်ရွက်မည့် အစီအစဉ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ်ကို ဒေသခံပြည်သူများ ကိုယ်တိုင်ကျင့်သုံးစေရန် လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် အချက်အလက်များ စနစ်တကျ ကောက်ယူခြင်းကို အကောင်အထည် စတင်ဖော်ဆောင်ရန်အတွက် ပူပေါင်းပါဝင် ဆောင်ရွက်ကြမည့် ဒေသခံစေတနာရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသတွင်းရှိစီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ပြီး လုပ်ငန်းဒေသကြီး ၃ ခုတွင် စတင်လုပ်ဆောင်နေသည့် ဗဟိုချက်နေရာ ၂ ခုစီခွဲကာ ဆိုင်းဘုတ် ၆ ခု စိုက်ထူခဲ့ပြီး၊ ကျန်ရှိလုပ်ငန်း ဒေသကြီး ၂ ခုအား နောက်နေ့ ဇူလိုင် ၂၇ ရက် နေ့တွင် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသကြီး ၅ ခုတွင် ဝက်ကြီးအင်းရပ်၊ တောင်ဘီကျေးရွာ၊ မြင်းကပါကျေးရွာ၊ သူဌေးကန် ကျေးရွာနှင့် မင်းနန်သူ ကျေးရွာတို့တွင် စတင်အကောင်အထည်ဖော် လျက်ရှိကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ယူကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပြီး ဒါရိုက်တာများဖြစ်ကြသည့် ပုဂံရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး)၊ ညောင်ဦးမြိုနယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ဦးတင်မြင့် (ဒုတိယညွှန်ကြားရေးမှူး)၊ ပုဂံပလပ်စတစ်ကမ်းပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေတို့မှ အနီးကပ် ကြီးကြပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း


