မြိတ် ၂၆ ဇူလိုင်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ချီးမြှင့်သော ကိုဗစ်-၁၉ ကာလအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအား အသိအမှတ်ပြု ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကို ဇူလိုင် ၂၅ ရက်က မြိတ်တက္ကသိုလ် ပုလဲမာန်အဆောင်၌ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ပေးအပ်ခဲ့သည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှု ကာလအတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့်အတူ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီ၊ မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ ဝန်ထမ်းများအတွက် ရင်ထိုးတံဆိပ် ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ နေရပ်ပြန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းရှိ ကိုယ်ဝန်ဆောင်နှင့် (၅) နှစ်အောက် ကလေးတို့ကို (၃) သောင်းကျပ်စီ ထောက်ပံ့ခြင်းကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ထိုနောက် စေတနာ့ဝန်ထမ်းများကိုယ်စား မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စေတနာ့ဝန်ထမ်း စုစုပေါင်း (၁၂၄) ဦး၊ ပရဟိတအဖွဲ့ (၅၄) ဖွဲ့အား အသိအမှတ်ပြု ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်ဆက်)


