နေပြည်တော် ၂၆ ဇူလိုင်
ဆားလင်းကြီးမြို့နယ် ကြေးစင်တောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ပုသိမ် - မုံရွာသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၅/၀)လမ်းဆုံအနီးရှိ ဆီဆိုင်အနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ် ၃ စီးအား စစ်ဆေးရန်သွားရောက်စဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်မောင်း ခိုင်ပူ မောင်းနှင်၍ ထန်လိုက်ဆွမ်းခုပ် (ခ) ဘဲဉ (ခ) ခုပ်ပီး လိုက်ပါလာသည့် Prado အမျိုးအစား မော်တော်ယာဉ်ကို ဝါးတန်းကျေးရွာအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းယာဉ်ပေါ်မှ ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၇ ဒသမ ၇ ကီလိုအားလည်းကောင်း၊ ဆက်လက်၍ အဆိုပါကျေးရွာ အနီး၌ ယာဉ်မောင်း ထွန်းမြတ်သူ (ခ) ငရုပ်သီး မောင်းနှင်ပြီး အောင်ကိုလတ် (ခ) ခေါင်းပြား၊ ကျော်သက်လှိုင် (ခ) မှုံကြီး၊ ထန်တင်းလွယ် (ခ) အားလွယ်တို့ လိုက်ပါလာသည့် Wish အမျိုးအစား မော်တော်ယာဉ်အားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကလေးမြို့နယ်၊ ချောင်းဂွ ပူးပေါင်း စစ်ဆေးရေးစခန်း၌ မန်ဆွမ်းလျန် (ခ) ဇောမ်းလျန် မောင်းနှင်ပြီး ကမ်ခတ်ပေါင် (ခ) နောင်ပီး၊ ထန်လျန်တွောင်၊ မောင်သခင် (ခ) ကပ်ပီး (ခ) ကပ်တောင်တို့ လိုက်ပါလာသည့် Land Cruiser အမျိုးအစား မော်တော်ယာဉ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာ၊ ခလွန် - စွပ္ပနူး - မုပ္ပလင်သွား ကျေးရွာချင်းဆက် လမ်းဘေးတွင် အမိုနီယမ်နိုက်ထရိတ် ၄,၄၀၀ ကီလို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
သတင်းစဉ်