ကွန်ဟိန်း  ၂၆  ဇူလိုင် 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ထုတ်ပြန်ကြေညာ လျက်ရှိကြောင်း သိရသည်။

 

အဆိုပါမဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားမည်ဖြစ်သည်။ ယင်းသို့ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ပုံစံများကို ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ထုတ်ပေးထားပြီးဖြစ်ရာ အခမဲ့ထုတ်ယူ၍ လျှောက်ထားနိုင်ပြီး မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာရာသို့  မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်  အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုများကို  ကွင်းဆင်းကြီးကြပ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)