ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ခရီးဆက်ပြီး ပန်းတိုင်သို့ရောက်ရှိနိုင်ရန်အတွက် အရေးပါပြီး အဓိကကျသည့် အခင်းအကျင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေးကိုအခြေခံသည့် ပြည်သူ့အစိုးရသည် နိုင်ငံသူ၊ နိုင်ငံသားများ ခေတ်အဆက်ဆက်မျှော်မှန်း တောင့်တလာခဲ့ကြသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရယူနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို (၂၀)ရာစုပင်လုံတွင် အုတ်မြစ်ချ နိုင်သကဲ့သို့ (၂၁)ရာစု ပင်လုံညီလာခံများကို ကျင်းပ၍ ထာဝရငြိမ်းချမ်းရေးကို ခိုင်မြဲအောင်တည်ဆောက်နေသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် (၂၁) ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးနှင့် ဒုတိယအစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အတွက် သဘောတူညီချက် (၃၇) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ကျင်းပသော တတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း(၂)အတွက် သဘောတူညီချက် (၁၄) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

မကြာမီကာလတွင် (၂၁) ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်ရန်လျာထား ဆောင်ရွက် လျက်ရှိသည်။ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အတွက် သဘောတူညီ ချက်များပေါ်ထွက်လာအောင် ကြိုးပမ်းအားထုတ်ကြမည်ဖြစ်သည်။ ယခုအခါ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး အတွက် သဘောတူညီချက် (၅၁)ချက်ပင် ရရှိခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ရလဒ်ကောင်းများ ပိုမိုပေါ်ထွက်လာ ရန်အတွက် ကြိုးပမ်းအားထုတ်ကြတော့မည်။ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအတွက် ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်၍ ဝမ်းပန်းတသာ မျှော်လင့်နေကြမည်ဟု ယုံကြည်ပါသည်။

 

(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ သဘောတူညီချက်များ ရရှိနိုင်ရန် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ခြောက်ကြိမ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် အတော်များများ ရရှိထားပြီဟု သိရသည်။ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုအတွက် အဓိကကျအရေးပါသော အကြောင်းအရာများ ပါဝင်မည်ဖြစ်၍ နှစ်ဖက်လက်ခံနိုင်သည့် သဘောတူညီချက်များ ပေါ်ထွက်အောင် ဆွေးနွေး ကြမည်ဖြစ်ရာ မျှတထိုက်သင့်သည့် အလျှော့အတင်းများဖြင့် နှစ်ဖက်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။

 

ငြိမ်းချမ်းရေးအတွက် ယနေ့ရရှိနေသော အခြေအနေကောင်းများသည် လက်ရှိ နှစ်ဖက်အဖွဲ့အစည်းများ ညီညီညွတ်ညွတ် သဘောတူညီ စိတ်ရှည်သည်းခံ ဆွေးနွေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ငြိမ်းချမ်းရေးခရီးမှာ မဝေးပါဟုဆိုချင်ပါသည်။ မတူညီသည့် အမြင်သဘောထားများကို ပြည်သူအားလုံး ကောင်းကျိုးအတွက် ညှိနှိုင်းမှုကို ဖြစ်စေသည့်ပညာ၊ လက်ခံသင့်သည့် အတွေးအခေါ် အပြုအမူသစ်များကို လက်ခံရဲသည့်သတ္တိ၊ ခက်ခဲသည့်လုပ်ငန်းများကို အောင်မြင်သည်အထိ ဆောင်ရွက်နိုင်သည့် ဝီရိယတို့ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတွင် ပါဝင်သူများအားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားနိုင် မည်ဆိုလျှင် မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်သည် ကောင်းမွန်သည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှသာ ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးခရီးစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည်ပထမဆုံးခြေလှမ်းဖြစ်ရာ NCA ထီးရိပ်အောက်တွင် အားလုံးပါဝင်ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမှသာ ငြိမ်းချမ်းရေးခရီး ချောမွေ့မြန်ဆန်လာမည်ဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေး မတည်ဆောက်နိုင်သမျှကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို မည်သို့မျှ တည်ဆောက်နိုင်မည်မဟုတ်ပေ။

 

ငြိမ်းချမ်းရေးသည် ကမ္ဘာ့နိုင်ငံများနှင့်ချိန်ကြည့်မည်ဆိုလျှင် အချိန်လွန်နောက်ကျနေပြီဖြစ်၍ နိုင်ငံရေးစားပွဲဝိုင်းတွင် စေ့စပ်ညှိနှိုင်းအဖြေရှာ နိုင်ရန် အားလုံးလက်တွဲ ပါဝင်သင့်ပါသည်။ အားလုံးလက်တွဲ သဘောတူလက်ခံနိုင်မည့် မူဘောင်ပေါ်ထွက်လာမှသာ ငြိမ်းချမ်းရေးပန်းတိုင်နှင့် နီးမည်ဖြစ်၍ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး အောင်မြင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏သမိုင်းသစ်ကို ညီညွတ်ခြင်း ဖြင့် ဝိုင်းဝန်းရေးထိုးပေးနိုင်ပါရန် ဆန္ဒပြုပါသည်။  ။

ကြေးမုံ