ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြု၍ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး ခက်ခဲမှုများ လျော့ပါးသက်သာစေရန်ရည်ရွယ်သည့် Cash for Work စီမံကိန်း လုပ်ငန်းများကို စီမံကိန်း ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများတွင် အကောင်အထည်ဖော်လုပ်ကိုင်နေကြပြီ ဖြစ်သည်။
ကျေးလက်နေမိသားစုများ ဝင်ငွေရရှိစေမည့် အဆိုပါစီမံကိန်းမှာ မိမိတို့နေထိုင်ရာ ကျေးရွာကို မိမိတို့၏လုပ်အားဖြင့် ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းလည်း ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ကျေးရွာများကို ရွေးချယ်ရာတွင် ဆင်းရဲနွမ်းပါးပြီး အလုပ်လက်မဲ့နှင့် ကျပန်းအလုပ်သမားများ၊ ထိခိုက်လွယ်သည့် အုပ်စုများ များပြားသည့်ကျေးရွာ၊ ကူးစက်ရောဂါ၏ သက်ရောက်မှုဆိုးရွားသည့် သို့မဟုတ် အတန်အသင့် ထိခိုက်မှုရှိသည့် ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံရေးကောင်းမွန်သည့် ကျေးရွာ၊ ရွာသူရွာသားများ စိတ်အား ထက်သန်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် တက်ကြွစွာဆောင်ရွက် လိုခြင်းတို့ရှိသည့်ကျေးရွာ၊ ဖွံ့ဖြိုးရေးလိုအပ် ချက်များသည့် ကျေးရွာနှင့် ပြည်ပပြန် အများအပြားရှိသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ခဲ့သည်ဟုလည်း သိရသည်။
နည်းပညာအရ ရိုးရှင်းလွယ်ကူသည့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးရွာလမ်း များပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ သောက်သုံးရေကန် တူးဖော်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းကဲ့သို့သော လုပ်ငန်းများကို ကျေးရွာနေသူများကိုယ်တိုင်က ရွေးချယ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး စီမံကိန်း စနစ်တကျအကောင်အထည်ဖော်မှု အဆင့်ဆင့်တို့မှာ စီမံကိန်းစတင်မိတ်ဆက်သည်မှစ၍ လုပ်ငန်းများပြီးဆုံး ပိတ်သိမ်းသည်အထိ အချိန်ကာလ ၃ လအတွင်း အပြီးဆောင်ရွက်ကြရမည်ဖြစ်သည်။ စီမံကိန်း အကောင်အထည် ဖော်ရန် ရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀ဝ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ အတွက် ကျပ်သိန်း ၄၀ သတ်မှတ်ထားပြီး လုပ်အားခ ကျပ်သိန်း ၆၀ ရရှိကြမည်ဖြစ်ရာ ကျေးလက်ပြည်သူများအဖို့ မိမိလည်းအကျိုးရှိ၊ မိမိရွာလည်း ဖွံ့ဖြိုးစေမည် ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေးဆွဲ ဆောင်ရွက်သည့် Cash for Work စီမံကိန်းမှာ ကိုဗစ်-၁၉ ကာလအရေးပေါ်တုံ့ပြန်သည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ကာလတိုအတွင်း ဆောင်ရွက် သည့် အစီအစဉ်ဖြစ်သော်လည်း လုပ်ငန်းခွင်ဝင်၍ တည်ဆောက်အကောင်အထည် ဖော်ကြသည့် ကျေးလက်ပြည်သူများအနေဖြင့်မူ မိမိတို့ထာဝရသုံးစွဲသွားကြရမည့် ကျေးလက်အခြေခံအဆောက် အအုံများကို မိမိတို့ကိုယ်တိုင် တည်ဆောက်ကြခြင်းလည်းဖြစ်ရာ အကောင်းဆုံး ဆောင်ရွက်သွားကြမည်သာ ဖြစ်သည်ဟု ယုံကြည်မိ သည်။ Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါကိုအကြောင်းပြု၍ လုပ်ငန်းများ ပိတ်သိမ်းသွားခြင်းကြောင့် အလုပ်ပြုတ်သွားသူများ၊ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအတွက် လုပ်သားအခြေပြု အခြေခံအဆောက်အအုံ စီမံကိန်းတစ်ရပ်ဖြစ်ရာ ၎င်းတို့၏ စားဝတ်နေရေးကို အထိုက်အလျောက် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံရဲ့ စီးပွားရေးလျင်လျင်မြန်မြန် နာလန်ထူလာနိုင်အောင် ဖောင်ဒေးရှင်းတွေ ထူထောင်ခြင်း၊ မူဝါဒများအတတ်နိုင်ဆုံး အတိုင်းအတာတစ်ရပ်အထိ အကောင်းဆုံး ချမှတ်ဆောင်ရွက်ခြင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစည်းတုံ့ပြန်ခြင်းတွေ လုပ်နေတဲ့အချိန်မှာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဟာ ကိုဗစ်-၁၉ ကြောင့် မြေကြီးလက်ခတ်မလွဲကြုံရမယ့် စီးပွားရေးသက်ရောက်မှု တွေကို ကုစားနိုင်မှာဖြစ်ပါတယ်”ဟူ၍ နိဒါန်းစကား ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် အချိန်ကြာကြာ ရှိနေဦးမှာဖြစ်သလို မိမိတို့နိုင်ငံတွင်လည်း သက်ရောက်မှု အမျိုးမျိုးတို့ကို ကာလရှည်ကြာစွာ တွေ့ကြုံနေကြရဦးမည် ဖြစ်သည်။ လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သလို စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အပေါ်တွင်လည်း ကြီးကြီးမားမား သက်ရောက်မှုဖြစ်ပေါ်စေ သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို စာနာမှု၊ ရိုင်းပင်းမှု၊ မျှဝေခံစားမှု၊ လုံ့လထုတ်ကြိုးပမ်းမှုတို့ဖြင့် ရေရှည်ရင်ဆိုင် ကျော်လွှားကြရမည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း