ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

သုတေသနအလုပ်ကို ကျွန်တော် စီးပွားရေးတက္ကသိုလ်မှာ ဆရာပေါက်စဖြစ်တဲ့ ၁၉၆၆ ခုနှစ်ကစပြီး လုပ်ခဲ့တာ။ အဲဒီအချိန်ကစပြီး သုတေသနရောဂါပိုး ကူးစက်ခံရတာ။ ကျေးဇူးရှင်က ပါမောက္ခ ဒေါက်တာ ဦးခင်မောင်ကြည်။ သူက အမေရိကန်နိုင်ငံ နာမည်ကြီးတက္ကသိုလ်က ပါရဂူဘွဲ့ရခဲ့သူ။ MBA ဘွဲ့ကို ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်မှာ ရယူခဲ့သူ။ ဟားဗက် MBA ဆိုတာက အင်မတန်ရှားတာ။ ဒီဘွဲ့ကို ပထမဆုံးမြန်မာပြည်ကရခဲ့သူက ပါမောက္ခ ဆရာကြီး ဝီလျံပေါ။ ဒေါက်တာခင်မောင်ကြည်က သူ့တပည့်တွေဖြစ်တဲ့ ကျွန်တော်တို့ကို သုတေသနကို မိတ်ဆက်ပေးခဲ့ပြီး အားပေးခဲ့တာ။ ကျွန်တော် နည်းပြဆရာ ရာထူးလက်ခံရရှိတော့ ဝါဏိဇ္ဇဗေဒဌာနမှာ မရခဲ့ဘဲ သုတေသနဌာနမှာ ခန့်အပ်ခြင်းခံရတာ။ ဒီဌာနကလည်း အထူးအဆန်း၊ ပါမောက္ခက ကမ္ဘာကျော် စီးပွားရေးပညာရှင် ဒေါက်တာ Finollay ၊ သူ့ကို နိုင်ငံတော်က ချီးမြှောက်ချင်တာမို့ ဌာနမရှိတဲ့ သုတေသနဌာနကို ဖွဲ့စည်းပြီး ရာထူးပေးထားတာ။ ကျွန်တော့်ကို ခန့်တဲ့အခါမှာလည်း ဆရာ့လိုပဲ သုတေသနဌာန နည်းပြအနေနဲ့။ ဒါပေမယ့် အလုပ်တွေက ဝါဏိဇ္ဇဗေဒဌာနမှာပဲ လုပ်ရတာ။


ပါမောက္ခ ဒေါက်တာခင်မောင်ကြည်ဟာ နောက်ပိုင်းမှာ သုတေသနဌာနမှာပဲ ပါမောက္ခရာထူးရခဲ့သူ။ ကာလက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်။ နှစ်စဉ်သုတေသန ညီလာခံတွေကို ခမ်းခမ်းနားနားကျင်းပပေးခဲ့တယ်။ ဒီညီလာခံတွေမှာ သုတေသနစာတမ်းတွေ တင်သွင်းပြီး ဖတ်ကြားခဲ့ရတယ်။ ကျွန်တော်တို့ လူငယ်ဆရာငယ် တွေက ဆရာကြီးတွေရဲ့နောက် လိုက်ပြီး အတုယူခဲ့ရ တာ။ တစ်ချိန်မှာလည်း ကျွန်တော့်ရဲ့ဆန္ဒက ပါရဂူဘွဲ့ရ ယူချင်တာမို့ ဒေါက်တာဘွဲ့ရဲ့ အခြေခံဟာ သုတေသန လုပ်ငန်းပဲ ဖြစ်တယ်။ ကျွန်တော်လည်း နည်းပြဆရာ ဖြစ်တဲ့ အချိန်ကစပြီး ငါးနှစ်အတွင်း သုတေသနအတွေ့အကြုံတွေ စုစည်းနိုင်ခဲ့တယ်။ နိုင်ငံခြားပညာတော်သင် အဖြစ် အရွေးခံရပြီး အင်္ဂလန်နိုင်ငံကို စေလွှတ်ခြင်းခံရတယ်။ ပထမနှစ်နှစ်ကာလမှာတော့ မဟာသိပ္ပံဘွဲ့ရဖို့ ကြိုးစားခဲ့ရပြီး ကျန်တဲ့လေးနှစ်မှာ ပါရဂူဘွဲ့ကျမ်းကြီးပြုစုဖို့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ခြောက်နှစ်ကျော် အင်္ဂလန်မှာ ပညာသင်ခဲ့ပြီး စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှာတာဝန်တွေ ဆက်လက် ထမ်းဆောင်ခဲ့ပါတယ်။ ဆရာကြီး ဝီလျံပေါက ကျွန်တော့်ကို သုတေသနအလုပ်တွေလုပ်ဖို့ အားပေးခဲ့တယ်။ တာဝန်တွေပေးခဲ့တယ်။


ကျွန်တော့်ရဲ့ သုတေသနခရီးစဉ်

ကျွန်တော့်ရဲ့ပါရဂူဘွဲ့ဟာ ကျန်းမာရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တာမို့ မြန်မာပြည်ပြန်ရောက်စဉ် ကျန်းမာရေး ဝန်ကြီးဌာနမှာ သုတေသနလုပ်ငန်းတွေ လုပ်ဖြစ်ခဲ့တယ်။ နှစ်စဉ်ကျင်းပတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းက ကြီးမှူးကျင်းပတဲ့ညီလာခံမှာ သုတေသနစာတမ်းတွေ တင်သွင်းနိုင်ခဲ့တယ်။ ဒီလုပ်ငန်းတွေလုပ်ရင်း ညွှန်ကြား ရေးမှူးချုပ်ဆရာကြီး ဒေါက်တာ ဦးဖေသိန်းနဲ့ရင်းနှီး ခွင့်ရခဲ့တယ်။ ကျွန်တော့်ရဲ့သုတေသနဆောင်ရွက်ချက် တွေကို အရှေ့တောင်အာရှကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုခဲ့တယ်။ သုတေသနစီမံချက်တွေလုပ်ခွင့် ပေးခဲ့တယ်။ ပညာရေးဝန်ကြီးဌာနက ကြီးမှူးတဲ့ သုတေသနညီလာခံတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။


အခုလို သုတေသနလုပ်နေတာကို တာဝန်ရှိသူတွေက အသိအမှတ်ပြုခဲ့တယ်။ ကျောင်းနေဖက် သူငယ်ချင်းဖြစ် တဲ့ ဒေါ်ခင်ဝေစိုးက သမဝါယမဝန်ကြီးဌာနမှာ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ယူနေစဉ် သူ့ရဲ့ဖိတ်ကြားချက်နဲ့ သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးစိန်ထွန်းနဲ့ ရင်းနှီးခဲ့တယ်။ ဝန်ကြီးက သုတေသနကို စိတ်ဝင်စား တယ်။ ကျွန်တော်ကလည်း ဝါသနာပါတော့ အဆင်ပြေသွားတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ သမဝါယမ လောကနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။ နှစ်စဉ်ကျင်းပတဲ့ ဗဟိုသမဝါယမအသင်းကြီးရဲ့ ညီလာခံတွေမှာ သုတေသနစာတမ်းတွေ ဖတ်ခဲ့ရတာ။ သုတေသနလုပ်ငန်းဟာ ကိုယ်တစ်ယောက်တည်းလုပ်မရဘဲ အစုအဖွဲ့နဲ့ လုပ်ရတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ တပည့်တွေက ကူညီပေး ခဲ့တယ်။ အခုတော့ သူတို့ဟာ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေဖြစ်နေပြီ။ ကျန်းမာရေးသုတေသနလုပ်ငန်း တွေ ဆောင်ရွက်ရင်း ဒေါက်တာဦးတင်မြင့်၊ ဒေါက်တာ မျိုးသက်ထွန်း၊ ဒေါက်တာ သိန်းအုပ်ကျော်မြင့်၊ ဒေါက်တာ ဦးသိန်းအောင်တို့နဲ့ ရင်းနှီးခဲ့ပြန်တယ်။


သုတေသနလုပ်ငန်းတွေ အခုလို ရှစ်နှစ်ကျော် ဆောင်ရွက်ပြီး ဘွဲ့လွန်ပါရဂူဘွဲ့သုတေသနလုပ်ငန်း ဆောင်ရွက်ဖို့ အနောက်ဂျာမနီနိုင်ငံမှာ သုံးနှစ်ကျော် ဆောင်ရွက်ခဲ့ပါတယ်။ ပညာရေးခရီးရှည်မှာ ပါရဂူဘွဲ့ရ ပြီးတဲ့သူတွေဟာ နောက်တစ်ဆင့်အနေနဲ့ (Post-doctoral) ပါရဂူဘွဲ့လွန်သုတေသနကို ဆောင်ရွက်ဖို့လိုအပ်တယ်။ ဒီသုတေသန လုပ်ငန်းလုပ်ခွင့်ရဖို့ သုတေသနပြိုင်ပွဲဝင်ရတာ။ ကိုယ်ဆောင်ရွက်ချင်တဲ့ သုတေသန အစီအစဉ်ကို တင်ပြပြီး တင်ပြချက်အပေါ် အခြေခံကာ ဒီဆုကိုချီးမြှောက်တာ။ သုတေသနကာလက အနည်းဆုံး ခြောက်လဖြစ်ပြီး အများဆုံးက သုံးနှစ်။ အခုလို သုတေသနလုပ်ငန်းအဆိုပြုချက်ကို ပြုစုတဲ့အခါ ကျွန်တော့်မှာ အခက်အခဲ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး သုတေသနလုပ်ခွင့်မပေးတာမို့ ပြဿနာတက်ခဲ့တယ်။ ပစ္စုပ္ပန်ကာလကို လေ့လာခွင့် မပေးရင် အတိတ်ကာလအကြောင်း လေ့လာခွင့်တောင်းတဲ့အခါ ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော်လုပ်ချင်တာ လုပ်ခွင့်မရခဲ့ဘဲ မြန်မာနိုင်ငံရဲ့စီးပွားရေးသမိုင်းကို သုတေသနလုပ်ခွင့်ရခဲ့တယ်။ ကိုလိုနီကာလအတွင်း စီးပွားရေးလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး လေ့လာခဲ့တယ်။ လိုအပ်တဲ့ အချက်အလက်တွေကို အင်္ဂလန်နိုင်ငံက နာမည်ကြီး ဗြိတိသျှစာကြည့်တိုက်မှာ လေးလကျော် အချက်အလက်တွေစုစည်းခဲ့ရတယ်။ ဒီစာကြည့်တိုက်မှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အချက်မျိုးစုံရှိတဲ့ ရတနာသိုက်ကြီးတစ်ခုဖြစ်တယ်။


ဆရာကြီး ဦးဖေသိန်းရဲ့ကျေးဇူးကြောင့် ကျွန်တော်ဟာ ကျန်းမာရေးဝန်ကြီးဌာနမှာ အသစ်ဖွင့်လှစ်တဲ့ စီမံ ကိန်းနဲ့စာရင်းအင်းဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုယူခဲ့တယ်။ တစ်ဆက်တည်းမှာလည်း ကိုယ်ဝါသနာ ပါတဲ့ သုတေသနလုပ်ငန်းတွေ ဆက်လက်လုပ်ခွင့်ရခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ နယူးယောက်မြို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှာ အကြီးတန်းအကြံပေး တာဝန်ယူခဲ့တယ်။ သုတေသနလုပ်ငန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်ခဲ့တယ်။ နိုင်ငံလေးနိုင်ငံကို အခြေပြုပြီး အစိုးရများရဲ့ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ကလေးများရဲ့ ဖွံ့ဖြိုးမှုတို့၊ ဆက်သွယ်မှုတို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူစဉ်ကလည်း သုတေသန လုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာပြီး စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရဌာနတွေနဲ့ အရပ်ဘက်လူ့အဖွဲ့တွေအတွက် သုတေသနလုပ်ငန်းတွေ လုပ်ခွင့်ရခဲ့တယ်။


ကျွန်တော် ဆန္ဒတစ်ခု အခုထိမပြည့်ဝသေးပါဘူး။ ဒါက ၁၉၈၀ ပြည့်နှစ်က ဖျက်သိမ်းခဲ့တဲ့ မြန်မာနိုင်ငံ သုတေသန အသင်းကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော်အမျိုးမျိုးကြိုးစားခဲ့တယ်။ အခုအထိ အကောင်အထည် မဖော်နိုင်သေးဘူး။ မြန်မာနိုင်ငံသုတေသနအသင်းကို ဆရာကြီး J.S.Furnivall က ၁၉၂၀ ပြည့်နှစ်မှာ စတင် တည်ထောင်ခဲ့တာ။ အခုဆိုရင် ရန်ကုန်တက္ကသိုလ်လို ရာပြည့် ဒီအသင်းကြီးကို ပြန်လည်ဖွဲ့စည်းပြီး မျိုးဆက် သစ်တွေအတွက် လုံခြုံတဲ့ဗိမာန်တစ်ခု ဖြစ်စေချင်တာ။ လူငယ်သုတေသီတွေကို ပြုစုပျိုးထောင်ပေးတဲ့အသင်း ကြီးကို ပြန်လည်အသက်သွင်းချင်တာ။ အသေးစိတ် အစီအစဉ်တွေလုပ်ခဲ့ပြီးပေမယ့် အခုထိခွင့်ပြုချက်မရသေးဘူး။

 

ကိုဗစ်ကာလအတွင်း တက္ကသိုလ်များသုတေသနညီလာခံ

ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းကတစ်ဆင့် ဟောပြောပွဲတွေလုပ်ခဲ့တဲ့နေရာမှာ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးရဲ့အကူအညီနဲ့ သူဦးစီးတဲ့ ပါမောက္ခချုပ်များ ကော်မတီအဖွဲ့ဝင်တွေကို တစ်ပတ်ကိုတစ်ကြိမ် ထိတွေ့ခဲ့ ရတာ။ လေးကြိမ်ရှိသွားပြီ။ တစ်လောက အမှတ်မထင် ဆရာ ဦးဇော်ဝေစိုးက ဒုတိယအကြိမ် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံမှာ စာတမ်းဖတ်ဖို့ ပြောလာပါတယ်။ ကျွန်တော်က ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တယ်။ ပြင်ဆင်ခဲ့တယ်။ ကိုဗစ်-၁၉ ကြောင့် ဒီညီလာခံကြီးကို ခေတ်မီနည်းပညာသုံးပြီး ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း သိခဲ့ရတယ်။ ကျွန်တော့်ရဲ့ စာတမ်းကို ဖွင့်ပွဲအခမ်းအနားမှာ ကျွန်တော်ကလည်း အဆင်ပြေမယ့် ခေါင်းစဉ်ကိုရွေးချယ်ခဲ့တယ်။ ပြင်ဆင်ရတယ်။


ဖွင့်ပွဲအခမ်းအနားကို နေရာအနှံ့ကတစ်ဆင့် ကျင်းပခဲ့တာဖြစ်တယ်။ အခမ်းအနားဖွင့် မိန့်ခွန်းကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က နေပြည်တော်ကတစ်ဆင့် မျှဝေခဲ့တယ်။ ဝန်ကြီးရဲ့ မိန့်ခွန်းမှာ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ မျှော်မှန်းချက်တွေကို ပြည့်ပြည့်စုံစုံ ဝေမျှခဲ့တယ်။ ဝန်ကြီးမိန့်ခွန်းအပြီးမှာ မြန်မာနိုင်ငံ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဦးမျိုးကြွယ်နဲ့ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးတို့က မိန့်ခွန်းတွေပြောခဲ့ပါတယ်။ အခုလို တာဝန်ရှိသူတွေ အဖွင့်မိန့်ခွန်းတွေပြောပြီးချိန်မှာ ပညာရှင်သုံးဦးက စာတမ်းတွေဖတ်ကြားခဲ့ပါတယ်။ ပထမပုဂ္ဂိုလ်က အမေရိကန်နိုင်ငံက အာကာသသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင် ဖြစ်ပါတယ်။ ဆရာဟာ သုတေသနနဲ့ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်သွားခဲ့တယ်။ ဆရာက အခုလို နိုင်ငံခြားကတစ်ဆင့် စာတမ်းဖတ်ပေးခဲ့တာကို ကျေးဇူးတင်ရမှာ ဖြစ်တယ်။
အခုလို မြန်မာလူမျိုးတစ်ဦးအနေနဲ့ အမေရိကန်နိုင်ငံမှာ ထင်ရှားလှတဲ့ အာကာသဦးစီးဌာနမှာ ပညာရှင်တစ်ဦး အနေနဲ့ တာဝန်ယူနေတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အခုလိုအောင်မြင် နေတာဟာ အားကျစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဆရာ စာတမ်းဖတ်ပြီးချိန်မှာ ဟန်ဂေရီနိုင်ငံက ဥရောပ တက္ကသိုလ်က ပါမောက္ခတစ်ဦးက သုတေသနအကြောင်း နိုင်ငံတကာအတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါတယ်။ ဒီတက္ကသိုလ်မှာ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်များပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။


ကျွန်တော့်အလှည့်မှာ ကျွန်တော်က သုတေသန ယဉ်ကျေးမှုခေါင်းစဉ်နဲ့ စာတမ်းတင်ခဲ့တယ်။ ကျွန်တော် တို့နိုင်ငံမှာ အထူးသဖြင့် အဆင့်မြင့်ပညာရေးလောကမှာ ပြုစုဖို့လိုအပ်တယ်။ ပျိုးထောင်ဖို့လိုတယ်။ အားပေးရမှာ ဖြစ်တယ်။ သုတေသနယဉ်ကျေးမှု ပေါ်ပေါက်အောင် နိုင်ငံတော်အနေနဲ့ ကူညီဖို့၊ ပံ့ပိုးဖို့ အားပေးဖို့လိုမှာဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်မကြာခဏ သတိပေးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ တက္ကသိုလ်တွေမှာ တာဝန်ယူနေတဲ့ ဆရာ ဆရာမတွေရဲ့ အဓိကတာဝန်သုံးရပ်။ တက္ကသိုလ်ဆရာ ဆရာမတွေဟာ သင်ကြားရေး တာဝန်ရှိပါတယ်။ မိမိလေ့လာထားတဲ့ ပညာတွေကို ကျောင်းသားတွေကို လက်ဆင့်ကမ်းပေးရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက စာတော်တာနဲ့ အသင်အပြကောင်းတာက တိုက်ရိုက်ဆက်စပ်မှု မရှိတာကို သတိပြု မိပေမယ့် အလွန်ထူးချွန်တဲ့ ဆရာ ဆရာမတွေက ကျောင်းသားတွေ နားလည်အောင် သင်ကြားနိုင်စွမ်းရှိဖို့ လိုအပ်တယ်။ ဒါပေမယ့် စာသင်ကြားမှုနဲ့ ပတ်သက်ပြီး စနစ်တကျလေ့ကျင့်မှုတွေ မရခဲ့ပါဘူး။ ကျွန်တော်ငယ်ငယ်ကလည်း အခုလိုပါပဲ ကိုယ်နှစ်သက်တဲ့ ဆရာ ဆရာမတွေဆီက အတုခိုးခဲ့ရတာ။ အမှန်တော့ ကျောင်းသား ကျောင်းသူ တွေရှေ့မှာ မတ်တတ်ရပ်ပြီးသင်ခန်းစာကို ထိထိရောက်ရောက် ပို့ချရတဲ့ ကိစ္စက မလွယ်ကူလှပါဘူး။ ကိုယ်အမူအရာ၊ အသံနေအသံထား၊ သင်ထောက်ကူပစ္စည်း အသုံးပြုမှု ဒါတွေအားလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင် ဖို့လိုအပ်တယ်။
ဒုတိယတာဝန်က တက္ကသိုလ်ဆရာ ဆရာမတွေဟာ သုတေသနလုပ်ရမှာ ဖြစ်တယ်။ စာသင်ရုံသက်သက် အနေနဲ့ ကျေနပ်လို့မဖြစ်ဘူး။ သုတေသနဟာ ဆရာဆရာမရဲ့ အသက်ဖြစ်တယ်။ တစ်ခုတော့ ရှိပါတယ်။ သုတေသန ဆောင်ရွက်နိုင်ဖို့ ဆရာ ဆရာမတွေကို အချိန်ပေးရမယ်။ အခုတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေက များနေတာ တွေ့ရတယ်။ လုပ်ချင်တဲ့စိတ်ရှိရင်တောင် အခက်အခဲတွေက ရှိတယ်။ နောက်ဆုံးတာဝန်က ထုတ်ဝေမှု ဖြစ်တယ်။ ဆရာ ဆရာမတွေဟာ စာရေးရ မယ်။ စာတမ်းတွေပြုစုပြီး ထုတ်ဝေရမယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ “publish or perish” ဆိုတဲ့ ဆောင်ပုဒ်ရှိတယ်။ အဓိပ္ပာယ်က မထုတ်ဝေရင် ပျက်စီးရမယ်ဆိုတဲ့ သဘော။ သုတေသန လုပ်တဲ့သူအဖို့ ထုတ်ဝေမှုဟာ မခဲယဉ်းပါဘူး။


ကိုယ့်ဆန္ဒကိုယ့်သဘောနဲ့လုပ်တဲ့သုတေသန
တက္ကသိုလ်တွေမှာ သုတေသနယဉ်ကျေးမှု ထိန်းကျောင်းဖို့ မက်လုံးတွေလိုအပ်တယ်။ သုတေသန များများလုပ်သူကို ရာထူးတိုးဖို့ လိုတယ်။ ချီးမြှောက်ရမှာ ဖြစ်တယ်။ လုပ်ချင်တဲ့စိတ်ကို အားပေးရမှာ ဖြစ်တယ်။ ဒီပြင်ပပံ့ပိုးမှုတွေဟာ အရေးကြီးတာ လက်ခံပေမယ့် ကျွန်တော်က ကိုယ့်ဘဝနဲ့ယှဉ်ပြီး အကြံပြုခဲ့တာက သုတေသနဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ချင်လို့လုပ်တာ ဖြစ်ရမယ်။ ရာထူးမတိုးလည်းလုပ်မယ်။ အသိအမှတ်မပြုလည်း လုပ်မယ်။ လုပ်ချင်လို့လုပ်တာ ဖြစ်ရမယ်။ ကျွန်တော်တက္ကသိုလ်မှာရှိစဉ် ခြေလျင်တောင်တက် အသင်းမှာ လှုပ်ရှားခဲ့တယ်။ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်းဥက္ကဋ္ဌ တာဝန်ယူခဲ့တယ်။ ကျွန်တော့်အရှေ့က ဥက္ကဋ္ဌဖြစ်သူက ဗိုလ်မှူး ကြီး လှအောင်။ ကျွန်တော်တို့ဝါသနာတူတဲ့သူတွေ အမြဲပြောတဲ့ စကားတစ်ခွန်းရှိတယ်။
“မင်းတို့ ဘာကြောင့်တောင်တက်သလဲလို့” မေးတဲ့အခါ “တောင်ရှိလို့ တက်တယ်”လို့ဖြေခဲ့တယ်။ သုတေသန လုပ်ငန်းကိုလည်း အခုလိုပဲ စဉ်းစားရမယ်။ သူများခိုင်း လို့လုပ်ရတာ မဟုတ်ဘဲ ကိုယ့်ဆန္ဒကိုယ့်သဘောနဲ့ လုပ်ရမှာဖြစ်ပါတယ်။


ကျွန်တော်တို့ သုံးဦး စာတမ်းတွေဖတ်ပြီးချိန် အမေးအဖြေကဏ္ဍ ကျင်းပခဲ့တယ်။ မေးခွန်းတွေကို ဆရာ ပဒေသာတင်နဲ့ ကျွန်တော်တို့နှစ်ယောက် ဖြေခဲ့တယ်။ မေးခွန်းတွေက စိတ်ဝင်စားဖို့ကောင်းလှတယ်။
ဖွင့်ပွဲအခမ်းအနားအပြီး နောက်ပိုင်းတွေမှာ ဘာသာရပ်အလိုက် သုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ခဲ့တယ်။ စာတမ်းခေါင်းစဉ်တွေ ဖတ်ရတော့ ကျေနပ်အားရမိတယ်။ သုတေသနအတွက် နောင်တစ်ခေတ် ပညာရှင်တွေ အခုလို တက်တက်ကြွကြွ ပါဝင်နေတာတွေ့ရပြီး အားရမိတယ်။ ပီတိဖြစ်ရပါတယ်။   ။

Top of Form