အေးအေးကြူ(ကျေးလက်ဦးစီး)

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုများကို ကုစားပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေ ရေးစီမံချက်(Covid-19 Economic Relief Plan)ကို နိုင်ငံတော်အစိုးရက ယခုနှစ် ဧပြီ ၂၇ ရက်က ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်သည်ကို ပြည်သူများ အသိပင်ဖြစ်သည်။


ထိုအစီအစဉ်တွင် ပါဝင်သည့်လုပ်ငန်းစီမံချက် ၂.၁.၇ (ခ) ငွေကြေးထောက်ပံ့ခြင်း (Cash or Lending Support) အစီအစဉ်အရ ကျေးလက်နေလုပ်ကွက်ငယ် ဆောင်ရွက်လုပ်ကိုင်နေသည့် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူ များနှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန် သွင်းအားစုနှင့် လိုအပ်သည့် ငွေကြေးအရင်းအနှီး ထောက်ပံ့ နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project – VRFP)ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။


စီမံကိန်းကျေးရွာရွေးချယ်ရေး စံနှုန်းများ

စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် ၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များ အရ လုပ်ကွက်ငယ်တောင်သူနှင့် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူအများဆုံးရှိသည့် ကျေးရွာအုပ်စု ၅၀ ရာခိုင်နှုန်းတွင် ပါဝင်သော ကျေးရွာများ၊ ထုတ်ကုန်များကို စျေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ် ရေးလုံခြုံချောမွေ့သည့် ကျေးရွာများ၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရသည့် ကျေးရွာများ၊ စိုက်ပျိုးရေး/မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသော ကျေးရွာ များ၊ လုံခြုံရေးကောင်းမွန်ပြီး နယ်မြေလုံခြုံ အေးချမ်းသော ကျေးရွာများနှင့် စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုရှိသော ကျေးရွာများကို ရွေးချယ်သည်။


အိမ်ထောင်စုများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ

ကျေးရွာမတည်ရန်ပုံငွေမှ ချေးငွေရယူလိုသည့် အိမ်ထောင်စုများ ရွေးချယ်ရာတွင် လုပ်ကွက်ငယ်တောင်သူများ၊ လက်ရှိ စီးပွား ရေးဆောင်ရွက်လျက်ရှိသော သို့မဟုတ် တိုးချဲ့ဆောင်ရွက်လိုသော အသေးစား စီးပွားရေး လုပ်ကိုင်သူများကိုသာ စိစစ်ရွေးချယ်ရမည် ဖြစ်သည်။ အထူးသဖြင့် အောက်ဖော်ပြပါ အိမ်ထောင်စုများအား ဦးစားပေး ချေးငွေချထား ပေးရပါမည်။

 

(၁) ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများ၊

(၂) လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုး/ မွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများ၊

(၃) အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ။

 

ဆောင်ရွက်မည့်နည်းလမ်း
၂၀၁၄ သန်းခေါင်စာရင်း အချက်အလက် များအရ လုပ်ကွက်ငယ် တောင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ အများဆုံးရှိ‌သော ကျေးရွာအုပ်စု ၅၀ ရာခိုင်နှုန်းတွင် ပါဝင်သည့် ကျေးရွာ တစ်ရွာချင်း၏ အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ကို ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ ၅၀ အောက်ကို ကျပ်သိန်း ၁၀၀ မတည်ထောက်ပံ့ပေးသွား မည်ဖြစ်သည်။ ပြည်သူဗဟိုပြုချဉ်းကပ်မှု နည်းလမ်းအတိုင်း ကျေးရွာနေ ပြည်သူများ၏ သဘောတူညီချက်ဖြင့် ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။


ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်း

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ဆောင်ရွက်မည့် ကျေးရွာနေ ပြည်သူများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာသူ ရွာသား များ ပါဝင်သော ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကော်မတီကို အိမ်ခြေ ၁၀၁ အိမ်နှင့် အထက်(Type-1) တွင် ကော်မတီဝင် ခုနစ်ဦးဖြင့်လည်းကောင်း၊ အိမ်ခြေ ၁၀၀ အောက် (Type-2/3)တွင် ကော်မတီဝင် ငါးဦးဖြင့် လည်းကောင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ကော်မတီဝင်များတွင် အနည်းဆုံး အမျိုးသမီး ဦးရေ ၄၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းရမည် ဖြစ်သည်။


အတိုးနှုန်းနှင့် စီမံကိန်းဝိသေသများ

စီမံကိန်း စတင်သည့်နှစ်တွင် ချေးငွေကို ငွေ ၁၀၀ ကျပ် တစ်လအတွက် ပြား ၅၀ နှုန်းဖြင့် ထုတ်ချေးရမည်ဖြစ်ပြီး စီမံကိန်း နောက်နှစ်များတွင် ငွေ ၁၀၀ ကျပ် ချေးငွေကာလ တစ်လအတွက် ပြား ၅၀ နှုန်းမှ ၁ ကျပ် ပြား ၅၀ နှုန်းအထိ သင့်လျော်သည့်အတိုးနှုန်းကို ကျေးရွာသူ ရွာသားများ၏ သဘောတူဆန္ဒဖြင့် ကျေးရွာကော်မတီက သတ်မှတ်နိုင်သည်။


ထိုသို့ မတည်ရန်ပုံငွေစီမံကိန်း ထူထောင် ပေးခြင်းဖြင့် ရန်ပုံငွေကို ကျေးရွာလူထုက ကိုယ်တိုင် စီမံခန့်ခွဲနိုင်ခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာသူ/ကျေးရွာသားများ သည် လွယ်လင့်တကူ ချေးငွေရရှိနိုင်ခြင်း၊ လုပ်ငန်းအပေါ်မူတည်၍ အတိုးပေးသွင်းမည့် ကာလသတ်မှတ်နိုင်ခြင်း၊ ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်လာနိုင်ခြင်း၊ ကျား/မ တန်းတူညီမျှ ပါဝင်သော အလေ့အကျင့် ရရှိလာစေခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရခြင်း၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်တည်ရှိမည့် မတည်ရန်ပုံငွေဖြစ်သည်။


အကျိုးကျေးဇူး

စီမံကိန်းကျေးရွာများတွင် မတည်ရန်ပုံငွေစီမံကိန်းထူထောင်၍ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ် သည့်အတွက် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကိုလည်း ခံစားရမည်ဖြစ်သည်။

 

(၁) စီမံကိန်းမတည်ရန်ပုံငွေ ထူထောင်ပေး ခြင်းဖြင့် အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ရှိသော Type-1 တွင် တစ်ရွာလျှင် ပျမ်းမျှအိမ်ထောင်စု ၁၄၀၊ Type-2 အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားတွင် တစ်ရွာလျှင် ပျမ်းမျှအိမ်ထောင်စု ၈၀၊ အိမ်ခြေ ၅၀ နှင့် အောက် Type-3 တွင် တစ်ရွာလျှင် ပျမ်းမျှအိမ်ထောင်စု ၄၀ အကျိုး ကျေးဇူးများ ရရှိနိုင်ခြင်း၊

 

(၂) နိုင်ငံတော်ကဆောင်ရွက်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေး အစီအစဉ်ကို အထောက်အကူ ပြုနိုင်ခြင်း၊


(၃) ရရှိသောငွေကြေးဖြင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာ နိုင်ခြင်း/ တိုးချဲ့နိုင်ခြင်း၊

 

(၄) အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အခွင့်အလမ်း ပေါ်ပေါက်လာခြင်း၊

 

(၅) ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာများ ရရှိလာခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်း၊

(၆) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း၊

(၇) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အလေ့ အထများ ဖွံ့ဖြိုးလာခြင်း၊

(၈) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊

(၉) စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိလာခြင်း။

 

ပြည်သူ့အကျိုးပြု စီမံကိန်းတစ်ခု

သို့ဖြစ်၍ ကျေးလက်ဒေသနေ ပြည်သူများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ကာ ကျေးရွာပေါင်း ၁၇၁၀ တွင် ရန်ပုံငွေ မတည်ပေးခြင်းဖြင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး အစီအစဉ်ကို အထောက်အကူပြု သည့်အတွက် ပြည်သူ့အကျိုးပြု စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြည်သူအများ မုဒိတာပွားများနိုင်ရန် တင်ပြလိုက်ရ ပါသည်။   ။