ကလျာမိုးမြင့်

 

ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်လာပြီးတဲ့နောက် ကမ္ဘာ့နိုင်ငံအများစုရဲ့ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေ ဆုတ်ယုတ်ခဲ့ရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ရပ်တန့်အောင် မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကန့်သတ်ပိတ်ဆို့မှုက နိုင်ငံ့စီးပွားရေးကို အဓိကထိခိုက်စေတာလို့ဆိုရင်လည်း မမှားပါဘူး။


ကိုယ်ပိုင်အသိစိတ်နဲ့လိုက်နာဆောင်ရွက်မှု
စီးပွားရေး ပြန်လည်နာလန်ထူဖို့ဆိုတဲ့ နေရာမှာ အမှန်တကယ်အားဖြင့် အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အစိုးရက ချမှတ်တဲ့ စည်းကမ်းတွေဖြစ်ပြီး နောက်တစ်ခုကတော့ ပြည်သူတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ ပြုမူဆောင်ရွက်ခြင်းတွေပါပဲ။ စီးပွားရေး မြန်မြန်ပြန်လည်နာလန်ထူလာအောင် ဘယ်လို လုပ်ကြမလဲလို့မေးရင် တစ်ဦးချင်းစီရဲ့ ဘယ်လောက်အတိုင်းအတာအထိ လိုက်နာဆောင်ရွက် နိုင်စွမ်းရှိလဲ ဆိုတာကိုပါ သိရဖို့ လိုအပ်လာမှာဖြစ်ပါတယ်။


ယုံကြည်မှုရှိဖို့လို

ရောဂါကူးစက်ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချဖို့ လုပ်ဆောင်တဲ့နေရာမှာ အမှန်တကယ် တိုးတက်ဖြစ်ထွန်းမှုရှိဖို့ လိုအပ်သလို စားသုံးသူတွေ၊ အလုပ်သမားဝန်ထမ်းတွေနဲ့ အလုပ်ရှင်တွေဟာလည်းပဲ အဲဒီဖြစ်စဉ်အပေါ် ယုံကြည်ချက်ရှိဖို့ကလည်း အရေးကြီးပါတယ်။ ပြီးတော့ ပြည်သူလူထုအတွင်းမှာ ကပ်ရောဂါမကျရောက်သေး ခင်အချိန်ကလို ပုံမှန်လူနေမှုဘဝအခြေအနေကို မြန်မြန်ဆန်ဆန် ပြန်လည်ရောက်ရှိဖို့ တွန့်ဆုတ်နေတယ်ဆိုတာကို ကောင်းကောင်းဖော်ပြနေတဲ့ စစ်တမ်းအထောက်အထား တစ်ခုကိုလည်း တွေ့နေရပါတယ်။

 

စိတ်ကသိကအောက်ဖြစ်နေရဆဲ

ဗြိတိန်မှာဆိုရင် ပြည်သူအများစုဟာ အမျိုးမျိုးသောလှုပ်ရှားသွားလာလုပ်ကိုင်ဆောင်ရွက်မှုတွေမှာ အခုအချိန်အထိ သက်သောင့်သက်သာမရှိလှတဲ့ အနေအထားမျိုးဖြစ်နေပြီး ညဈေးဆိုင်တွေ၊စားသောက်ဆိုင်တွေနဲ့ လူအုပ်ထဲသွား တဲ့အခါ၊ အများသုံးသန့်စင်ခန်းတွေ အသုံးပြုတဲ့အခါနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ပေါ်လိုက်ပါ စီးနင်းရတဲ့အခါ စိတ်ကသိကအောက် ဖြစ်နေရတုန်းပါပဲ။


ပြန်ဖွင့်လှစ်လို့ ရနိုင်ပြီဖြစ်တဲ့ တချို့နေရာတွေကို ပြန်မဖွင့်သေးဘဲထားတာကလည်း အဲဒီအကြောက်တရားကို ဖော်ပြနေတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။

 

တွက်ခြေမကိုက်
အာဏာပိုင်တွေရဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ချမှတ်ထားမှုအောက်မှာ အရောင်းဆိုင် သို့မဟုတ် နေရာတစ်ခုခုကို ပြန်လည်ဖွင့်လှစ်လည်ပတ်ရတဲ့အခါ စားသုံးသူတွေက လာရောက်အားပေးကြသည့်တိုင်အောင် စည်းမျဉ်းတွ ေအောက်မှာ အလုပ်လုပ်ရခြင်းက စီးပွားရေး အရ သိပ်ပြီး တွက်ခြေမကိုက်တော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဝယ်သူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး နီးကပ်သွားတဲ့အခါ၊ အပြင်ထွက်ပြီး အစားအသောက် သွားစားတဲ့အခါ၊ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေ ကြည့်ရှုတဲ့အခါနဲ့ ခရီးသွားလာတဲ့အခါ ကိုဗစ်-၁၉ က လူတွေရဲ့ ဒီလိုလှုပ်ရှား သွားလာမှုစက်ကွင်းထဲမှာ လည်ပတ်နေတဲ့အခါ ပြည်သူတွေအနေနဲ့ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကို ထိတွေ့ပြီး သား ဖြစ်သွားမှာကိုလည်း ကြောက်နေကြရပါတယ်။


ဝယ်သူပြန်ရဖို့ခက်ခဲ

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် အကြာလောက်ကတည်းက ကပ်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်နေတဲ့ အောက်စဖို့ဒ် စီးပွားရေးကျွမ်းကျင်ပညာရှင် ဆိုင်မွန်ဝရန် လီဝစ်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝယ်သူ သို့မဟုတ် စားသုံးသူတွေရဲ့ သုံးပုံတစ်ပုံလောက်တောင် ပြန်ရဖို့ မနည်းမျှော်လင့်နေရတယ်လို့ သုံးသပ်ခဲ့ပါတယ်။

 

ဒါပေမယ့် ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခြင်းဟာ အတိုင်းအတာတစ်ခုအထိတော့ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။ နိုင်ငံအများအပြားမှာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်လည်ဖြေလျှော့ ပေးနေရတဲ့ အကြောင်းကတော့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ရတဲ့ လူနာအရေအတွက်နဲ့ အသက်ဆုံးရှုံးရမှုတွေ လျော့နည်းကျဆင်းလာတာကြောင့်ပါ။

 

တင်းကျပ်တဲ့ကန့်သတ်ပိတ်ဆို့မှုက စီးပွားရေးမြန်မြန် ကျဆင်းစေ

အားလုံးလို့ မဆိုသာပေမယ့် ပြည်သူတချို့က ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ပြီဆိုတဲ့အခါ ဘေးကင်းရန်ကင်း ဖြစ်သွားပြီ၊ လွတ်လွတ်လပ်လပ်အိမ်ပြင် ထွက်လို့ရပြီဆိုပြီး မှတ်ယူလိုက်ကြပါတယ်။ ဒီအကြောင်းကလည်း စီးပွားရေးဆိုင်ရာလှုပ်ရှားမှုတွေ ပြန်စနိုင်စေတဲ့အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။

 

တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှု စီမံဆောင်ရွက်ချက်တွေနဲ့ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုတွေအပေါ် သက်ရောက် မှုကြားက ဆက်နွှယ်မှုကို လေ့လာသူတွေက စောင့်ကြည့် ခဲ့ကြပါတယ်။ ဒီလို လေ့လာလိုက်တဲ့အခါမှာ ကန့်သတ် ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ဆောင်ရွက်တာက စီးပွားရေးကို ပိုပြီးမြန်မြန်ဆန်ဆန် ဆုတ်ယုတ် ကျဆင်းစေတယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။


အိမ်ထောင်စု အသုံးစရိတ်ကျဆင်း

တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ ချီကာဂိုတက္ကသိုလ်တွေက လေ့လာရေးအဖွဲ့တစ်ဖွဲ့ကတော့ စီးပွားရေး ဆုတ်ယုတ်စေတဲ့ အကြောင်းရင်းဟာ အများစုက ကန့်သတ်ပိတ်ဆို့မှုကြောင့်ဖြစ်ရတယ်လို့ အဖြေထုတ် လိုက်ပါတယ်။


လေ့လာသူတွေဟာ အိမ်ထောင်စုတွေ စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေကို အသုံးပြုခဲ့ကြရမှာ အမေရိကန်အိမ်ထောင်စုတွေရဲ့ပျမ်းမျှအသုံးစရိတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလအထိ အတောအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ လောက်အထိ ကျဆင်းသွားတယ်ဆိုတာကို တွေ့ရပါတယ်။


အလုပ်အကိုင်ရရှိမှု လျော့ကျ

ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် အလုပ်အကိုင်ရရှိမှုနှုန်းဟာ ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့သလို ကန့်သတ် ပိတ်ဆို့ခံထားရမှုအတွင်း အိမ်ထောင်စုတွေရဲ့ငွေကြေးသုံးစွဲမှုဟာလည်း ပျမ်းမျှ ၃၁ ရာခိုင်နှုန်းအောက် လောက် လျော့ကျသွားတယ်လို့ သိရပါတယ်။


ဒီတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဖြစ်ရတဲ့ အကြောက်တရားရယ် ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ တင်းကျပ်စွာ ချမှတ်ရတဲ့ ကန့်သတ်ပိတ်ဆို့မှုရယ် နှစ်မျိုးစလုံးဟာ စီးပွားရေးဆိုင်ရာ ထိခိုက်ဆုတ်ယုတ်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းတရားဖြစ်တယ်လို့ မှတ်ချက်ချရမှာဖြစ်ပါတယ်။


ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါခြောက်လှန့်နေသေးသမျှ ကာလပတ်လုံးကတော့ အစိုးရတွေအနေနဲ့ ပြည်လူထုရဲ့ ဘေးကင်းလုံခြုံမှုကို ရှေးရှုပြီး ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်နေရဦးမှာဖြစ်သလို ကန့်သတ်ချက်တွေ တစ်ဆင့်ချင်း ဖြေလျှော့ပေးသွားတဲ့နေရာမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရေးကြီး လှပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ၊ဘီဘီစီ