ရန်ကုန် ၂၇ ဇူလိုင်
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်များနှင့်အညီ လိုက်နာမှုဖြင့်သာ ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သော ဗြိတိသျှကောင်စီစာကြည့်တိုက်နှစ်ခုကို လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ရာ၌ စာကြည့်တိုက်အတွင်း မဝင်ရောက်မီ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်အိတ်တပ်ဆင်ခြင်းကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး စာကြည့်တိုက်တွင် လာရောက်အသုံးပြုမည့် ရက်နှင့်အချိန်ကိုလည်း ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် အတွင်း တစ်ကြိမ်ဝင်ရောက်ရန် အသင်းဝင်ဦးရေကို ကန့်သတ်ထားပြီး စာကြည့်တိုက်အတွင်း အသုံးပြုမည့်အချိန်ကိုလည်း ကန့်သတ်ထားကြောင်း၊ လာရောက်သူများအနေဖြင့် ခရီးသွား ရာဇဝင်ရှိ/မရှိ၊ အသွားအလာ ကန့်သတ်ခံထားရမှုရှိ/မရှိနှင့် အခြားသော ကျန်းမာရေးဆိုင်ရာတို့ကို ပုံစံစာရွက်တွင် ဖြည့်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ သိရသည်။
စာကြည့်တိုက်အတွင်း တစ်ဦးနှင့်တစ်ဦး နှစ်မီတာအကွာ သတ်မှတ်ထားပြီး ပုံမှန်ဆောင်ရွက်နေသော သန့်ရှင်းရေးထက် ထပ်တိုးဆောင်ရွက်ကာ အသင်းဝင်များအနေဖြင့် မိတ်ဆွေခေါ်ဆောင်ခြင်းနှင့် စာကြည့်တိုက်အတွင်း ထိုင်၍ဖတ်ခြင်းကို တားမြစ်ထား၍ စာအုပ်ငှားခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် အသင်းဝင်ခြင်းကိုသာ ဝန်ဆောင်မှုပေးလျက်ရှိရာ မြန်မာနိုင်ငံတွင် နေရာမရွေး အသုံးပြုနိုင်သော ဒီဂျစ်တယ်စာကြည့်တိုက်ဝန်ဆောင်မှုမှ ebook, audio book, ရုပ်ပြကာတွန်း၊ TV အစီအစဉ်များနှင့် မဂ္ဂဇင်း၊ ဂျာနယ်များကို စုံလင်စွာဖတ်ရှုနိုင်လျက် ဒီဂျစ်တယ်စာကြည့်တိုက်နှင့် သက်ဆိုင်သော အကြောင်းအရာများကို website တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဗြိတိသျှကောင်စီ၏ စာမေးပွဲဝန်ဆောင်မှုနှင့်ပတ်သက်၍ IELTS စာမေးပွဲများကို ပြန်လည် စစ်ဆေးပေးလျက်ရှိပြီး UK အရည်အချင်းစစ်စာမေးပွဲနှင့် အတတ်ပညာပိုင်းဆိုင်ရာ စာမေးပွဲများကို စက်တင်ဘာလတွင် ပြန်လည်စစ်ဆေးရန် စီစဉ်လျက်ရှိ၍ ကွန်ပျူတာဖြင့်ဖြေဆိုသည့် IELTS စာမေးပွဲများကို စတင်စစ်ဆေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အတူ UK စာမေးပွဲဘုတ်အဖွဲ့၏ အကြံပြုချက်တို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗြိတိသျှကောင်စီသည် စာကြည့်တိုက်ဝန်ဆောင်မှုအပြင် အင်္ဂလိပ်စာသင်တန်းများနှင့် အနုပညာကဏ္ဍကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုအနုပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် UK နိုင်ငံတွင်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ ဆောင်ရွက်သည့် “အပြည်ပြည်ဆိုင်ရာပြတိုက် အကယ်ဒမီမြန်မာ” စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံရှိ ပြတိုက်လုပ်ငန်းများ ပိုမိုအားကောင်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း၊ ဖေဖော်ဝါရီ စတုတ္တပတ်က နယ်ပယ်မျိုးစုံမှ အနုပညာရှင်ပေါင်း ၂၀ဝ တက်ရောက်ခဲ့သည့် “ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် အနုပညာဖြင့် မည်သို့ပံ့ပိုးမလဲ” အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာလ လှုပ်ရှားဆောင်ရွက်မှုများကို ယဉ်ကျေးမှုအနုပညာဆိုင်ရာ ဆွေးနွေးပွဲအား ဗီဒီယိုအတိုကဏ္ဍဖြင့် ရန်ကုန်မြို့ ဗြိတိသျှကောင်စီမှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလ၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တို့ကို ပြန်လည် ဖွင့်လှစ်ရာတွင် ကျန်းမာရေးလမ်းညွှန် လိုက်နာမှုဖြင့်သာ ဝင်ရောက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ- သန်းစိုး


