မော်လမြိုင် ၂၇ ဇူလိုင်
ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် နေရပ်ပြန် အမျိုးသား (၄၂)ဦးနှင့် အမျိုးသမီး (၄၉)ဦး စုစုပေါင်း (၉၁)ဦးတို့သည် ယမန်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်လာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ စနစ်တကျ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် အဖွဲ့အစည်းပေါင်းစုံတို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေးစစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ (၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၈၈၃၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စမ်းစမ်းနွယ် ပြည်နယ်(ပြန်/ဆက်)


