မိုင်းယု ၂၇ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ထွက်ရှိ ခူးဆွတ်ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

နှင်းသီး(ခ)ကြောင်မျက်လုံးသီးမှာ ကဆုန်လဆန်းပိုင်းကနေ စတင်ဖူးပွင့်၍ အသီးလိုက်ပြီး (၃)လအကြာ ဝါဆိုလအတွင်း ရင့်မှည့်ကာ ခူးဆွတ်စားသုံးနိုင်ပြီး အခိုင်အတွဲလိုက်သီးသည့် အပင်ကြီးမျိုး ဖြစ်ကြောင်း၊ အသီးမှာ လုံးဝန်း၍ ချိုသည့်အရသာကို ခံစားရကာ အခွံပါးလွှားပြီး အညှိရောင်ရှိကြောင်း၊ ယင်းအခွံအောက်တွင် ချိုမြိန်သည့် မထူမပါး အဖြူအကြည်ရောင်ရှိသည့် အသားကို စားသုံးရပြီး ငှင်းအောက်တွင် အမည်းရောင်ရှိသည့် အစေ့ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါအပင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားဒေသခံများ၏ နေအိမ်ခြံဝင်းတွင် အရိပ်ရအပင်ဖြစ် အများဆုံးစိုက်ပျိုးထားကြပြီး အသီးသီးလျှင်လည်း ခူးဆွတ်ကာ ရောင်းချ၍ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။

 

နှင်းသီး(ခ)ကြောင်မျက်လုံးသီး အမှည့်ကို အတင့်သင့်စည်းကာ အသီးစပေါ်ချိန်တွင် တစ်စီးလျှင် ကျပ် ၅၀၀ ထိရရှိပြီး အသီးလှိုင်လှိုင်ထွက်ချိန်တွင် ကျပ် ၂၀၀ မှ ၁၀၀ သာ ရောင်းချလျက်ရှိကြောင်း၊ ယင်း အပင်ကို မိမိတို့၏ ခြံဝင်းအတွင်း အနည်းငယ်စိုက်ပျိုးထားခြင်းဖြင့် အရိပ်လည်းရ အသီးထွက်လျှင်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း နှင်းသီး(ခ)ကြောင်မျက်လုံးသီး ရောင်းချသည့် ဒေသခံတစ်ဦးက ပြောသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)