ရန်ကုန်  ၂၇  ဇွန်

ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငမိုးရိပ်ဆည်မှရေကို မြေသားရေပေးမြောင်းဖြင့် ရယူနေခြင်းအစား ရေပိုက်လိုင်းဖြင့် အစားထိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ထံမှ သိရသည်။

 

ငမိုးရိပ်ဆည်မှရေကို ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)သို့ သွယ်ယူရာတွင် လက်ရှိ အသုံးပြုနေသော မြေသားရေပေးမြောင်းအစား အချင်း ၂ ဒသမ ၄ မီတာ၊ အရှည် ၂၂ ဒသမ ၃ မိုင် (၃၅ ဒသမ ၉ ကီလိုမီတာ)ခန့်ရှိ ပိုက်လိုင်းအသုံးပြု၍ သွယ်တန်းရရှိနိုင်သည့်အတွက် ရေပိုက်လိုင်း အစားထိုးလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

စီမံကိန်းကာလမှာ ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၅ နှစ် ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များအနေဖြင့် ငမိုးရိပ်ဆည်တွင် ရေယူအဆောက်အအုံသစ်တစ်ခု တည်ဆောက်ခြင်း၊ ရေယူဥမင်လိုဏ်တစ်ခု တည်ဆောက်ခြင်း၊ ရေတွန်းစက်ရုံနှင့် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ခြင်း၊ ပင်မရေပိုက်လိုင်းတစ်ခု တည်ဆောက်ခြင်း၊ ရေခေါ်ဥမင်လိုဏ်တစ်ခု တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းတစ်ခုတည်ဆောက် ခြင်းစသော လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ငမိုးရိပ်ဆည်ရေအား မြေသားရေပေးမြောင်းဖြင့် ရယူခြင်းအစား ရေပိုက်လိုင်းဖြင့် အစားထိုးရယူသည့်အတွက် ရေအရည်အသွေးပိုမိုကောင်းမွန်စေခြင်း၊ ရေလေလွင့်ဆုံးရှုံးမှု မရှိစေခြင်း၊ ပတ်ဝန်းကျင်ကြောင့် ညစ်ညမ်းမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ ရေသန့်စင်စက်ရုံအတွက် ရေလိုအပ်ချက်အား လွတ်လပ်စွာစီမံခန့်ခွဲနိုင်ခြင်း၊ ဆည်မြောင်းဉီးစီးဌာနမှ ရေပေးမြောင်းမကြီး ပြုပြင်ထိန်းသိမ်းခြင်းကြောင့် ရန်ကုန်မြို့တော်ရေပေးဝေရေးကို ထိခိုက်နိုင်သည့် ဖြစ်ရပ်များအား ရှောင်ရှားနိုင်ခြင်း၊ အနာဂတ်တွင် ရေပေးဝေနိုင်သည့် ပမာဏပိုမိုတိုးချဲ့နိုင်ခြင်းနှင့် ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်များအား လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းစသည့် ရေအရင်းအမြစ်များမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)