မကွေး ၂၇ ဇူလိုင်
မကွေးတိုင်း၌ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး ဝန်ထမ်းလုံလောက်မှု မရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။
“ မကွေးတိုင်းထဲမှာ အဆင့်မြှင့်လိုက်တဲ့ ကျောင်းတွေ ထောင်နဲ့ချီပြီးရှိတယ်။ မူလတန်းကျောင်းကနေ လခွဲ ၊ လခွဲ ကနေ၊ အလယ်တန်း၊ အထက်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်း အဆင့်တိုးတာတွေရှိတယ်။ သို့သော်လည်းပဲ ဆရာ ဆရာမ တန်းမလိုက်နိုင်ဘူး။ ဆရာ၊ ဆရာမ ပြည့်စုံအောင် ခန့်မပေးနိုင်တဲ့ ကျောင်းတွေရှိတယ်။ ပညာရေးတင် မဟုတ်ဘူး။ ကျန်းမာရေးမှာလည်း ဒီအတိုင်းပဲ ” ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။
မကွေးတိုင်းထဲတွင် တိုက်နယ်ဆေးရုံ ၄ ခု ရှိပြီး နတ်မောက်မြို့နယ်မှ စိုင်ခေါင်းတိုက်နယ်ဆေးရုံ၊ ပွင့်ဖြူမြို့နယ်မှ သရက်တော တိုက်နယ်ဆေးရုံ နှစ်ခုအတွက်သာ ဆရာဝန် ချပေးနိုင်သေးကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး ထံမှ သိရသည်။
“ မကွေးတိုင်းတစ်တိုင်းလုံးမှာ ဆရာဝန်လိုအပ်ချက်က (၁၀၀) ကျော်လိုမယ်။ တစ်ရာကျော်ခန့်ဖို့ လိုတာကို ဆယ်ယောက်ပဲ ဝင်လျှောက်တယ်ဆိုတော့ ဘာသွားခန့်ရမတုန်း။ ဘယ်လိုလုပ် တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် အလုံအလောက် ရှိပါ့မတုန်း။ တစ်ချို့က ကိုယ်ပိုင်ဆေးခန်း ဖွင့်တာရှိတယ်။ NGO တွေ ၊ CSO တွေမှာ လုပ်တာရှိတယ်။ တာဝန်ယူ တာဝန်ခံရတာလည်းနည်းတယ်။ အန္တရာယ်လည်းကင်းတယ်။ အဆဲအဆိုလည်းမခံရဘူး။ လစာကလည်း ပိုရသေးတယ် ဆိုတော့ ဒီအခက်အခဲ ရှိတယ် ” ဟု ဒေါက်တာအောင်မိုးညို က ဆိုသည်။
အပြည်ပြည်ဆိုင်ရာစံနှုန်းအရ နိုင်ငံသား ၄၀၀ တွင် ရဲတစ်ယောက်ရှိသော်လည်း မကွေးတိုင်း၌ လူဦးရေ တစ်ထောင်ကျော် ၁၂၀၀ တွင် ရဲတစ်ယောက်သာရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းထက်ကို သုံးဆလောက်နည်း နေသည့်အတွက် လောင်းကစား ၊ မူးယစ် နှင့် တရားဥပဒေ စိုးမိုးရေးကိစ္စများတွင် အားနည်းချက်များ ရှိနေကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများ သိစေချင်သည်ဟု ဆိုကာ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဇေယျတု(မကွေး)


