မူဆယ် ၂၇ ဇူလိုင်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၄၀၀) ကျော်အတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၆၈၀ သိန်းကျော် ပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
“မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု (၈၄၀၀) ကျော်အတွက် နိုင်ငံတော်ကနေ ထောက်ပံ့ပေးအပ်တဲ့ အိမ်ထောင်တစ်စုကို ငွေကျပ် နှစ်သောင်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း (၁၆၈၀) ကျော် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါတယ်၊ အဆိုပါထောက်ပံ့ငွေတွေကို သက်ဆိုင်ရာ ပြည်သူတွေထံ လက်ဝယ်အရောက် ပေးအပ်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မူဆယ်မြို့၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မင်းဇော်က ပြောသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကိန်မိုင်က အမှာစကားပြောကြားပြီး မူဆယ်မြို့၊ ခေတ္တအုပ်မြို့နယ် အုပ်ချုပ်ရေးမှူးက အခြေခံလူတန်းစားများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မူဆယ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


