ကျောက်မဲ ၂၇ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၄၅၃ စုအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၄၃၅ စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ကြေးငွေကျပ် ၆၈၇ သိန်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဉီးမျိုးကျော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ အပါအဝင်) ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း ၅၀၅၀ စုရှိပြီး ယမန်နေ့က မိုင်းငေါ့မြို့၌ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ အိမ်ထောင်စု ၅၃၇ စုအတွက် ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထောက်ပံ့ပေးရန်ကျန်ရှိသော မိုင်းလုံမြို့ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စုရှိ အိမ်ထောင်စု ၁၀၇၈ စုအတွက် ထောက်ပံ့ကြေးများကို ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ အိမ်ထောင်စုများသို့ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


