မြစ်သား  ၂၇  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်သူလူထုအတွင်း နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက  မကူးစက်နိုင်သော ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်စေရန်၊ ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်ရန်၊ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ အထက်အဆင့်သို့ လွှဲပြောင်းပေးတတ်ရန်၊ လူနာနှင့် မိသားစုကို အကြံပြုတတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းဆရာများအဖြစ်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ကောင်းစဝ်အောင်၊ ဒေါက်တာညီညီဇော်၊ ဒေါက်တာစန္ဒီစုကြည်နှင့် ဦးအာကာဖြိုး (ကျန်းမာရေးမှူး) တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြစ်သားမြို့နယ်အတွင်းရှိ အခြေခံ ကျန်းမာရေးဝန်ထမ်း (၁၂၃)ဦးအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြမြမွန် (ပြန်/ဆက်)