ကျွန်းစု ၂၇ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနသည် ကျေးရွာ နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးကာ ဆင်းရဲမှုလျော့ချနိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျှက် ကံမော်ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ သက်တမ်း (၃) နှစ်ပြည့်ပြီဖြစ်သဖြင့် ဒုတိယအကြိမ် ကျေးရွာကော်မတီပြန်လည်ရွေးချယ် တာဝန်ပေးအပ်ခြင်းကို ဇူလိုင် နေ့လယ် ၁ နာရီအချိန်တွင် ကံမော်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ အတွင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်က ကျေးရွာကော်မတီများ ပြန်လည်ရွေးချယ်ရာတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ၊ စိတ်ပါဝင်စားစွာ လုပ်ကိုင် နိုင်သူတို့ကို ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူ/သားများက ယခင်ကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးပါ ခုနှစ်ဦးကိုသာ ဆက်လက် တာဝန်ပေးအပ်ရန်နှင့် ရပ်ကွက် (၂) မှ လိုအပ်သော ကော်မတီဝင် (၂) ဦးအား ထပ်မံထည့်သွင်း ဖွဲ့စည်းပေးရန် တင်ပြချက်အရ ဆန္ဒမဲပေး ရွေးချယ်စေပြီး စုစုပေါင်း ကျေးရွာကော်မတီ (၉) ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အတိုးရရှိငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။
MDN


