နေပြည်တော် ၂၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မရဲစခန်းမှ ဆိုင်ကယ်ခိုးမှု ကျူးလွန်သူများအား ဇူလိုင် ၂၆ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ကျော်မင်းနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် ည ၁၁ နာရီခွဲက သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၁၃)ရပ်ကွက်၊ ဆန္ဒတော်ပြည့်ဘုရားအနီး Cyclone အမျိုးအစား ဆိုင်ကယ်တစ်စီးအား တွန်းလာသူကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်မေးရာ ၎င်းမှာ မဟာအောင်မြေမြို့နယ်၊ သဲဆိတ်ကျေးရွာနေ ကျော်စွာထွန်း (၂၃) နှစ်ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် ကျော်စွာထွန်းအား မြင်းခြံမြို့မရဲစခန်း (ပ) ၃၃၄/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ရဲမင်းဦး၊ စိုးလင်းအောင် (ခ) စိုးလေးတို့နှင့်အတူ မြင်းခြံမြို့နယ်၊ ရပ်ကွက်များအတွင်းမှ ဆိုင်ကယ် (၇) စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် ဇူလိုင် ၂၆ ရက်တွင် ရဲမင်းဦးနှင့် စိုးလင်းအောင် (ခ) စိုးလေးအား ဖမ်းဆီးကာ သက်သေခံ ဆိုင်ကယ်များအား သိမ်းဆည်းပြီး အမှုဖွင့် အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
သတင်းစဉ်