ပွင့်ဖြူ  ၂၇  ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေး အနီးကျေးရွာဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 

အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နန်းတော်ကျွန်းကျေးရွာတွင် လူနေအိမ် (၁၅၆)လုံး၊ ထူးကျေးရွာတွင် လူနေအိမ် (၁၂၀)လုံး ၊ ငါးခြောက်ကျွန်းကျေးရွာတွင် လူနေအိမ် (၁၃၀)လုံး ၊ မြင်းခြံစုကျေးရွာတွင် လူနေအိမ်(၈၀)လုံးခန့် မြစ်ရေဝင်ရောက်လျက်ရှိပြီး လူနေအိမ်ပြောင်းရွှေ့ရခြင်းမျိုး မရှိသေးကြောင်း သိရသည်။ 

“ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးအနီး ကျေးရွာတွေဖြစ်တဲ့ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက် ကျွန်းကျေးရွာနဲ့ မြင်းခြံစုကျေးရွာတွေမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာတွင်း မြစ်ရေဝင်ရောက်မှုတွေ ရှိလာပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တက်မှုအနေနဲ့ ပုံမှန်အတိုင်းတိုးတာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိသေးပါဘူး။ စိုးရိမ်စရာမရှိသေးတဲ့အတွက် လူနေအိမ်တွေ ပြောင်းရွှေ့ရတာတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျေးရွာနေ ပြည်သူတွေကတော့ မွေးမြူထားတဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေကိုတော့ မြစ်ကမ်းပါးနဲ့ဝေးတဲ့ ကုန်းမြင့်တဲ့နေရာတွေမှာ ကြိုတင်ပြောင်းရွှေ့တာတော့ လုပ်နေကြပါတယ်။ ယခု မြစ်ရေတိုးလာတာက ပုံမှန်အတိုင်းတိုးလာခြင်းဖြစ်လို့ ကျေးရွာနေပြည်သူတွေအတွက် စိုးရိမ်စရာမရှိသေးပါဘူး” ဟု နန်းတော်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်တင်သန်း က ပြောသည်။ 

ပွင့်ဖြူမြို့နယ်အတွင်းရှိ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့သည် ဧရာဝတီမြစ်ကမ်းဘေးအနီး ကျေးရွာများဖြစ်ပြီး ယခုလို မြစ်ရေတက်ချိန်များတွင် ကျေးရွာအတွင်းသို့ မြစ်ရေများ ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် ( ပြန်/ဆက်)

 

 6743.j