ချင်းရွှေဟော်   ၂၇  ဇူလိုင်

 

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၂၇)ဦးအား သက်ဆိုင်ရာဒေသသို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လွှဲပြောင်းပို့ဆောင်ရာတွင် ချင်းရွှေဟော်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဇူလိုင် ၂၆ ရက်က ပြန်လည်ဝင်ရောက် လာသူ (၁၃) ဦးနှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲက ပြန်လည်ဝင်ရောက်လာသူ (၁၁၄)ဦး စုစုပေါင်း (၁၂၇) ဦးအား  တာဝန်ရှိသူများက လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ(၁၂၇)ဦးမှာ အမျိုးသား(၈၅)ဦး၊ အမျိုးသမီး(၄၂)ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၆)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၀)ဦး၊ ကချင်ပြည်နယ်မှ (၇)ဦး၊ ရှမ်းပြည်နယ်မှ (၄၀)ဦး၊ ရခိုင်ပြည်နယ်မှ (၂၃)ဦးနှင့် နေပြည်တော်မှ (၃)ဦးတို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများမှ တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့် အမျိုးသား(၇၆)ဦး၊ အမျိုးသမီး(၃၀)ဦး  စုစုပေါင်း (၁၀၆)ဦးသည် တရုတ်နိုင်ငံတွင် အကြောင်းအမျိုးအမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အား ချင်းရွှေဟော်မြို့၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့ ကုသရေးဦးစီး ဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အား ရယူကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ ဓာတ်ခွဲ စစ်ဆေးနိုင်ရန်  မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ Swab အဖြေ ကောင်းမွန်ကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့  လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီမှ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၇၆၇၉)ဦးနှင့် အမျိုးသမီး(၆၁၆၅)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၃၈၄၄)ဦးကို သက်ဆိုင်ရာ ဒေသအသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)