နေပြည်တော် ၂၇ ဇူလိုင်
ဗြိတိန်နိုင်ငံနှင့်ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာသင်္ဘောသားများ၊ ကျောင်းသားများ၊ အစိုးရပညာတော်သင်များ၊ အလုပ်သမား များ စသည်ဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း(၂၀၅)ဦးအား ပြန်လည် ခေါ်ဆောင်ရေးအတွက် မြန်မာသံရုံး၊ လန်ဒန်မြို့အနေဖြင့် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများရှိ မြန်မာသံရုံး (၁၁)ရုံး၊ ယင်းနိုင်ငံများရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သည် Qatar Airlines ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချေ မွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ဖော်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံ သားဦးရေ စုစုပေါင်း(၈၉၉၁)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


