ဇူလိုင် ၂၈
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဘာသာတရား ယဉ်ကျေးမှုအဆုံးအမ လမ်းညွှန်ပြသမှုနှင့်အညီ အေးချမ်းသာယာဝပြောအောင် ရှေးအစဉ်အဆက် အစဉ်အလာမပြတ် ကျင့်သုံးနေထိုင်လျက်ရှိသော တိုင်းပြည်ဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မဝိနယဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ ထွန်းကားပြန့်ပွားအောင် ဆရာဒကာ လက်တွဲညီညာစွာဖြင့် သာသနာတော်ကို မြှင့်တင်ပေးလျက်ရှိသည်။ ။
ဓမ္မဝိနယသည် သာသနာတော်အတွက် အသက်ပမာဖြစ်သည်။ ဓမ္မဝိနယထွန်းကားနေမှ မြတ်ဘုရား သာသနာလည်း တည်တံ့နေပြီး ဓမ္မဝိနယ ကွယ်ပျောက်လျှင် သာသနာလည်း ပျောက်ကွယ်မည် ဖြစ်သည်။ သာသနာကွယ်လျှင် လောကကြီးမှာ အမှောင်အတိ ဖုံးလွှမ်းသကဲ့သို့ ဖြစ်ပေမည်။ ထို့ကြောင့် ဓမ္မဝိနယကို ဆောင်ကြဉ်းတော်မူသော သံဃာတော်များကို အမှူးထားကာ ဆရာဒကာ လက်တွဲညီညာစွာ သာသနာ့ဝန်ကို ကြိုးပမ်းအားထုတ်မှသာ သာသနာတော်လည်း အဓွန့်ရှည်၊ တိုင်းပြည်လည်း အေးချမ်းသာယာဝပြောနေမည် ဖြစ်သည်။
ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဂန္ထဓုရ၊ ဝိပဿနာဓုရတာဝန်များကို ဦးဆောင်ကြိုးပမ်း အားထုတ်တော်မူနေပြီး နိုင်ငံတော်အစိုးရ ဦးဆောင်သော ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဒ္ဓါထက်သန်သည့် ပြည်သူများက သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ကြည်ညိုသဒ္ဓါပွားများ ထောက်ပံ့လှူဒါန်းမှုများ အဆက်မပြတ် ပြုလုပ်ပေးကာ သာသနာတော်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးလျက် ရှိသည်။
“သာဂါရာ အနာဂါရာစ၊ ဥဘော အညာည နိဿိတာ။ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမ မနုတ္တရံ” ဟူသော ဒေသနာတော်အရ ပရိယတ္တိ၊ ပဋိပတ္တိဝန်ဆောင် သံဃာတော် အရှင်သူမြတ်များနှင့် နိုင်ငံတော်အစိုးရ၊ ဒါယကာ၊ ဒါယိကာမများသည် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသကဲ့သို့ သံဃာတော်များကလည်း လမ်းကောင်းလမ်းမှန်ကို ကျင့်ကြံကျန ဟောညွှန် ပြတော်မူလျက် နိုင်ငံတော်အစိုးရနှင့် ဒါယကာ၊ ဒါယိကာမများဘက်ကလည်း လိုက်နာကြိုးပမ်း၊ လှူဒါန်းထောက်ပံ့၊ ပူဇော်စောင့်ရှောက်ကြပါလျှင် ရည်မှန်းရာ ရည်ရွယ်ချက်များ အောင်မြင်ပြီးမြောက်၍ ချမ်းသာခြင်းအတိ နိဗ္ဗာန်ထိပင် ရောက်ရှိနိုင်ပေသည်။
မြတ်ဘုရားသာသနာသည် ယခုအချိန်မှာ ဆုတ်ကပ်ကာလဖြစ်၍ လောကအရပ်ရပ်သာမက သာသနာတော်ဆိုင်ရာတို့ပါ တဖြည်းဖြည်း ဆုတ်ယုတ်လျော့ပါးလာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ယင်းတို့ကို ဆရာဒကာ လက်တွဲညီညာစွာဖြင့် အခါမလင့်မီ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်မှသာ သာသနာတော်သန့်ရှင်း အဓွန့်ရှည်တည်တံ့ခိုင်မြဲခြင်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သာသနာ့အကျိုးကို ဆောင်တော်မူရာတွင် ယခုနှစ် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေးတွင် ဆရာတော်ကြီးများ မိန့်ကြားတော်မူသော သြဝါဒကထာများနှင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များမှာ သာသနာအတွက်နှင့် တိုင်းပြည်အတွက် စိတ်နှလုံးအေးဖွယ်ဖြစ်သည်။
သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားထွန်းကားရေး၌ သာသနာတော်၌ ကြည်ညိုဖွယ်ရာ အဆင်းရှိခြင်းသည် အဓိကကျသည့်အချက်ဖြစ်သည်။ ယခုအခါ သမဏသာရုပ္ပမဖြစ်သော (ကြည်ညိုဖွယ်ရာ မဆောင်သော) အမှုကိစ္စများ ယခင်ကထက် ပိုများလာသည်ကို တွေ့လာရပါသည်။ သာသနာတော်ကို ကြည်ညိုဖွယ်ရာ အဆင်းမဆောင်စေသော အမှုကိစ္စ ဟူသမျှတို့ကို ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ကင်းရှင်းစွာဖြင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဦးဆောင်သော သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရဦးဆောင်သော ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်၊ သက်ဆိုင်ရာ တာဝန်ရှိသူအပေါင်းတို့က အချိန်မီ ပူးပေါင်းသန့်ရှင်းပေးမှသာလျှင် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာ သန့်ရှင်းတည်တံ့နေမည် ဖြစ်သည်။
သာသနာတော် သန့်ရှင်းပြန့်ပွားထွန်းကားရေးတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့်အညီ ပရိယတ္တိ၊ ပဋိပတ္တိကျင့်ကြံပွားများ အားထုတ်ကြသော သံဃာတော်များ တိုးပွားရေး၊ တိုးပွားလာအောင် သာသနာ့အာဇာနည်များအား နိုင်ငံတော်အစိုးရက ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်း၊ သာသနာ့ ဒါယကာ၊ ဒါယိကာမများက သံဃာတော်များအား ပူဇော်ထောက်ပံ့ချီးမြှင့် လျက်ရှိသည်။ တစ်ဖက်တွင်လည်း မြတ်စွာဘုရားရှင်၏ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ညစ်နွမ်းဖွယ် သာသနာ့အန္တရာယ်များကို ဆရာတော်ဘုရားကြီးများ၏ အဆုံးအမ လမ်းညွှန်မှုများနှင့်အညီ သန့်စင် ဆေးကြောပေးကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားစေရေးအတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့်တကွ ဆရာတော် အရှင်သူမြတ်များ၏ အဆုံးအမများကို လိုက်နာကျင့်ကြံ ပွားများ အားထုတ်ကာ ဆရာဒကာ လက်တွဲညီညာစွာဖြင့် သာသနာအကျိုး၊ တိုင်းပြည်အကျိုးကို ဝိုင်းဝန်းသယ်ပိုး ထမ်းဆောင်ကြ ရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ