ဇူလိုင် ၂၈
နှစ်စဉ်ဇူလိုင်လ ၂၈ ရက်နေ့သည် ကမ္ဘာ့အသည်းရောင်အသားဝါ ရောဂါ တိုက်ဖျက်ရေးနေ့ဖြစ်သည်။ အသည်းရောင်အသားဝါ ရောဂါပိုးကြောင့် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် သေဆုံးနေရသည်ကို သတိမူပြီး တိုက်ဖျက်နိုင်ကြရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် စတင်သတ်မှတ် ခဲ့ခြင်းဖြစ်သည့်အတွက် ယခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းအရ အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ဖြစ်ပွားမှု မြင့်တက်နေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ (ဘီ) ရောဂါ ဖြစ်ပွား နေပြီး နိုင်ငံ့လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အသည်းရောင် အသားဝါ (စီ) ရောဂါဖြစ်ပွားနေသည် ဟုဆိုသည်။ Hepatitis ခေါ် အသည်းရောင်အသားဝါရောဂါကို (အေ) (ဘီ) (စီ) (အီး) ဟူ၍ အမျိုးအစား လေးမျိုးခွဲခြားထားပြီး ဘီ နှင့် စီအမျိုးအစား တို့မှာ သွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုး အမျိုးအစားများဖြစ်ကြသည်။ ရောဂါဖြစ်ပွားသူ ၁၀ ယောက်လျှင် တစ်ယောက်မှာ မိမိကိုယ်ကို ရောဂါဖြစ်ပွားနေမှန်း မသိကြ။ အချိန်မီမကုပါက အသည်းကင်ဆာနှင့် အသည်းကြွပ်ရောဂါတို့ကို ဖြစ်စေနိုင်သည်။ ဘီပိုးနှင့် စီပိုးတို့မှာ သွေးသွင်းရာမှ ကူးစက်တတ်သလို အရက်သေစာသောက်စားခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် မသန့်ရှင်းသော ဆေးထိုးအပ်တို့မှလည်း ကူးစက်တတ်သည်။
အသည်းရောင်အသားဝါ (အီး) အမျိုးအစားမှာ မသန့်ရှင်းသည့်ရေနှင့် အစားအသောက်များမှ ကူးစက်တတ်ခြင်းကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးတို့ကို အထူးဂရုစိုက်ရန် လိုအပ်သည်။ အသည်းရောင် အသားဝါ (အေ) ပိုးကို မစင်တွင် တွေ့ရတတ်ပြီး ကူးစက်မှု မြန်ဆန်သည့် ရောဂါပိုးမျိုးဖြစ်သည်။ အိမ်သာတက်ပြီး လက်ကို သန့်ရှင်းစင်ကြယ်အောင် မဆေးဘဲ သာမန်ကာ လျှံကာမျှသာဆေးပြီး အစားအစာများကို ကိုင်တွယ်ချက်ပြုတ်ခြင်း၊ စားသောက်ခြင်း၊ ယင်နားစာများကို စားခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း စသည်တို့မှ ကူးစက်နိုင်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသည်းရောင် အသားဝါရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပေး နှိုးဆော်မှု၊ ကျန်းမာရေး အသိပညာမြှင့်တင်မှု၊ ရောဂါစစ်ဆေးမှု၊ ရောဂါကာကွယ်မှုနှင့် ကုသမှုလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည်။ ကလေးငယ်များ အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို မွေးကင်းစအရွယ်၊ နှစ်လ၊ လေးလ၊ ခြောက်လသား အရွယ်တို့တွင် အခမဲ့ထိုးနှံ ပေးနေသကဲ့သို့ အသည်းရောင်အသားဝါ (စီ) ကုသမှုဌာနများ ဖွင့်လှစ်၍လည်း (စီ) ပိုးလူနာများကို အခမဲ့ကုသပေးလျက် ရှိသည်။ ရည်မှန်းချက်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှု လျော့နည်းကင်းစင်ပြီး ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုမှ ဖယ်ရှား နိုင်ရေးအတွက်ဖြစ်သည်။
အသည်းရောင်အသားဝါ (ဘီ) ပိုးက ကမ္ဘာ့လူဦးရေ သန်း ၂၀၀ ကျော်ကို ကူးစက်ထားပြီးဖြစ်သည်။ ကူးစက်ခံ ထားရပြီးပြီဆိုပါက ရောဂါလုံးဝပျောက်ကင်းသွားအောင် ကုသ၍ မရနိုင်သေးဘဲ သက်တမ်းရှည်အောင် ကုသပေးခြင်းသာ ပြုနိုင်သေးသည်။ သို့ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်သည်။ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ အသည်းရောင်အသားဝါ ကူးစက်မှုက အိတ်ခ်ျအိုင်ဗွီကူးစက်မှုထက် အဆ ၁၀၀ ပို၍ မြန်ဆန်သည်ဟုဆိုရာ အထူးဂရုစိုက်ကြရန်ဟူ၍ တိုက်တွန်း လိုပါကြောင်း။ ။
မြန်မာ့အလင်း