ရွှေတိုင်လွင်
မြန်မာနှစ်၏ စတုတ္ထမြောက်လသည် ဝါဆိုလပင် ဖြစ်ပေသည်။ ရာသီခွင်မှာ ကရကဋ်ရာသီသို့ သက်ဆင်းလျက်ရှိပြီး ရာသီပန်းများဖြစ်သည့် မြတ်လေး၊ ခတ္တာပန်းတို့မှာ သင်းပျံ့ကြိုင်လှိုင်လျက် ဝေဆာစွာပွင့်လန်း နေပါပေသည်။ ရာသီပန်းနှင့်အပြိုင် မိတ်ဖက်ပန်းများဖြစ်သော ပုန်းညက်ပန်း၊ သရဖီပန်း၊ ဝါဆိုပန်းတို့ကလည်း ပွင့်လန်းနေသည်မှာ ကြည်နူးဖွယ်လပင် ဖြစ်လေသည်။ ဤလတွင် ပွဲတော်တစ်ရပ်အနေဖြင့် ဝါဆိုသည့်ပွဲတော် ကို ဗုဒ္ဓဘာသာနွယ်ဝင်သူတို့ (ပဉ္စင်းခံ) ရဟန်းခံရှင်ပြုပွဲ ဝါဆိုပွဲကို ကျင်းပပူဇော်လေ့ရှိပါပေသည်။
ဝါဆိုလပြည့်နေ့
မြန်မာလူမျိုး ဗုဒ္ဓဘာသာနွယ်ဝင်တို့သည် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်စဉ်တော်၌ ဝါဆို လပြည့်နေ့သည် မိခင်ဖြစ်သူ မယ်တော်မာယာ၏ ဝမ်းကြာတိုက်မှ ပဋိသန္ဓေ ယူတော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထ အနော်မာသောင်တွင် တောထွက်တော်မူသော နေ့ဖြစ်ခြင်း၊ သုံးလောကတွင် ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာဒေသနာကို ပဉ္စဝဂ္ဂီငါးပါးဖြစ်သည့် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိတည်းဟူသော မထရ်ကြီးငါးပါးတို့အား ဟောကြားသွန်သင် ဆုံးမသောနေ့ဖြစ်ခြင်းတို့ကြောင့် ဝါဆိုလပြည့်နေ့သည် ထူးမြတ်ပါပေသည်ဟု ဆိုရပါပေမည်။
ဂေါတမမြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့ ညနေချမ်းချိန်ခါတွင် နေဝင်ရိုးရီ နေလုံးကြီးဝင်စအချိန်၊ ပြည့်ဝင်းသော လပြည့်ဝန်းကြီးကလည်း ထွက်စပြုလာသောအချိန် လူသားစင်စစ်ဖြစ်သော ပဉ္စဝဂ္ဂီငါးပါး တို့အား အမှူးပြုလျက် စကြဝဠာတိုက်တစ်သောင်းမှ ကြွရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့အား သစ္စာလေးပါး တရားတော်တည်းဟူသော ဓမ္မစကြာဒေသနာတော်မြတ်ကြီးကို ထူးခြားသော ဝိသေသတို့ဖြင့် ဟောကြားသွန်သင်တော်မူခဲ့ရာ ထိုပဉ္စဝဂ္ဂီငါးပါးတို့သည် တရားတော်အဆုံး၌ ရဟန္တာကြီးများ ဖြစ်ခဲ့ကြသလို နတ်၊ ဗြဟ္မာအပေါင်းတို့လည်း ကုဋေတစ်သိန်းကျွတ်တမ်း ဝင်ကြကုန်ကြောင်း ဗုဒ္ဓဝင်၌ လေ့လာမှတ်သားရပါလေသည်။
သစ္စာလေးပါး တရားတော်
ဤဓမ္မစကြာတရားတော်ကို ဖော်ထုတ်ညွှန်းပြရန်မှာ အလွန်မှ ကျယ်ပြန့်သော တရားတော်ဖြစ်ပေသည်။ သိမှတ်နိုင်ရန် အကျဉ်းမျှကိုသာ ကောက်နုတ်တင်ပြရပါပေသည်။ သစ္စာလေးပါး အဓိကတရားတော်ပင် ဖြစ်ပေ၏။ အယုတ်တရားနှင့် အမြတ်တရားတို့ကို သေချာပိုင်းခြားစိတ်ဖြာ ဆုံးမထားသော တရားတော်ဖြစ်ပေသည်။ အယုတ်တရား ဆိုသည်မှာ ကာမသုခလ္လိကာနုယောဂေါ = ကိုယ်ကာယ အကျိုးကို မျှော်ကိုးပြီး ပြုဆောင်ခြင်းနှင့် အတ္တကိလ မထာနုယောဂေါ် = မိမိ၏ကိုယ်ကာယကို ညှဉ်းပန်းနှိပ်စက် ဘိသကဲ့သို့ ပြုဆောင်ခြင်းတို့အား အယုတ်တရားများ ဖြစ်သည်ကို ခွဲခြားဖော်ထုတ်ဟောပြထားပါလေသည်။
ထို့ပြင် အမှန်ကို ရှုမြင်ကြစေရန် လူသားဘဝနေထိုင် ကျင့်သုံးရာတွင် အထူးအရေးကြီးသည့် မဂ္ဂင်ရှစ်ပါး သာသနာတော်ဖြစ်တည်ကြောင်းကို ဤဒေသနာအတွင်း ချားရဟတ်ပမာလှည့်လည်ဟောကြားရာတွင် သမ္မာဒိဋ္ဌိ = ကောင်းမွန်မှန်ကန်သော အယူကိုခံယူခြင်း၊ သမ္မာသင်္ကပ္ပ = ကောင်းမွန်မှန်ကန်သော အကြံအစည်ကိုပြုခြင်း၊ သမ္မာဝါစာ = ကောင်းမွန်စွာ ပြောဆိုနေထိုင်ခြင်း၊ သမ္မာကမ္မန္တော = မိမိလုပ်ဆောင်သည့်နေရာတွင် မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်း၊ သမ္မာအာဇီဝ = မှန်ကန်သောတရားသဖြင့် စီးပွားလုပ်ဆောင်ခြင်း၊ သမ္မာဝါယမော = ကောင်းမွန်မှန်ကန်စွာ လုံ့လစိုက်ထုတ်ခြင်း၊ သမ္မာသတိ = မှန်ကန်ကောင်းမွန်စွာ ကုသိုလ်ကောင်းမှုတို့ကို အစဉ်သတိရနေခြင်း၊ သမ္မာ သမာဓိ= ကောင်းမွန်မှန်ကန်သော တည်ကြည်မှုရှိခြင်း တို့အား အကျယ်တဝင့် ဟောကြားဆုံးမထားပါပေသည်။
ယင်းမဂ္ဂင်ရှစ်ဖြာ သာသနာတော်ကို အထူးသဖြင့် ပွားများကျင့်ကြံကြစေရန်နှင့် အမြတ်တရားတည်းဟူသော သစ္စာလေးပါးတရားတော် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတည်းဟူသော လေးပါးသော အမြတ်တရားတော်ကို အဆက်မပြတ်ဟောကြား ပြီးဆုံး ခဲ့သောနေ့မှာလည်း ဤဝါဆိုလပြည့်နေ့ပင် ဖြစ်ပေသည်။
ဝါဆိုပွဲတော်
ဝါဆိုလ၏ တင့်ဆန်းသာယာပုံကို ဝန်ကြီးပဒေသရာဇာ၏ တစ်ဆယ့်နှစ်လရာသီဘွဲ့ တေးသွားထဲမှ ကောက်နုတ် ဖော်ပြရပါလျှင် “ပုန်းညက်၊ သရဖီ၊ ပွင့်ချက်ညီသား ရာသီခေါ်မှတ် ကရကဋ်ဝယ်၊ ဆုမြတ်ရည်ရော်၊ ပဉ္စင်းတော်ကို ရှုမြင်တွယ်ချင်သည်။ သဘင်မှာသားရှင်ကူမ၊ ဖူးမြင်တာ နုလှလဲ့လေး” ဟူ၍ ရေးသားဖွဲ့နွဲ့ထားခြင်းကို လေ့လာကြည့်မည်ဆိုပါလျှင် ဝါဆိုလ ရာသီပန်းနှင့် မိတ်ဖက်ပန်းများ ရာသီကျချိန်ခါမီ ဝါဆိုပန်းတို့ တင့်ဆန်းကာ ပွင့်လန်းနေကြပုံ ထိုကာလဝယ် သားရှိသောမိသားစုတို့တွင် ဝါဆိုပွဲတော်ဖြစ်သော ရဟန်းခံသည့်ပွဲတော် (ပဉ္စင်းခံ) ပွဲများကို ခြိမ့်သဲစွာဆင်နွှဲလို၍ သားရှင်ရဟန်းတို့ ပါရမီဖြည့်ပါမှ လေးနက်စွာဖြင့် ဝါဆိုပွဲတော်ကို နွှဲပျော်ကာ ဖူးမြင်ကြည်နူးရပေမည်ဟူ၍ ဖွဲ့ဆိုထားပုံမှာ သဒ္ဒါပီတိ ရွှန်းစိုစွာခံစားဖော်ပြအပ်ရပါလေသည်။
ဆယ့်နှစ်လရာသီဘွဲ့
ဤဝါဆိုလကိုပင် စဉ့်ကူးမင်း၏မိဖုရား ရှင်မင်းက ၎င်း၏သံဝေဂလေးဆစ်သဖြန်၌ ဤသို့ဆိုထားလေ သည်။ “ပြုဗ္ဗာသ၌ ကြယ်ထွန်းလို့ လဝန်းတဲ့သော်တာ၊ သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ဆိုက် လင်းခိုက်ဖို့သာ ရနံ့ငယ်ဖြာ ညှာတံကငုံဖူး၊ ပုန်းညက်ကယ်၊ ခိုင်ပင်မင်းက သင်းပျံ့ပျံ့” ဟူ၍လည်းကောင်း၊ မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဘွဲ့ လွမ်းချင်းများထဲမှ ဝါဆိုလလွမ်းချင်းကို ကောက်နုတ်ရပါလျှင်လည်း “ဆင်တာရာငယ် ရာသီကရကဋ် နရိန္ဒလည်း ရာတောင် နတ်နှင့် ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့ ရှစ်ဖြူရိပ် ပဉ္စင်းခံသောအခါ ရေလျှံတဲ့ဝါဆိုမှာ ပုန်းညက်ညို မာလာမင်းက သင်းလှတယ်လေး” စသည်ဖြင့် ဝါဆိုလ၌ ပွဲတော်ကျင်းပပုံ၊ ဘာသာသာသနာထုံမွမ်းပုံ၊ ငယ်စဉ်က ကလေးဘဝမူလတန်းမှာ သင်ခဲ့တဲ့ “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဆိုသော စာသားနှင့် ကိုက်ညီပုံ။ ဒီရေအလွန်တက်သည့် အနေအထားစသည်ဖြင့် ဖော်ကျူးစပ်ထားသည်မှာ အလွန်မှနှစ်သက်ဖွယ် ဖြစ်ရပါ လေသည်။
သို့ဖြစ်ရာ ဝါဆိုလ မိုးဥတုဝသန္တရာသီသို့ ရောက်လျှင်အေးချမ်းစိုပြည်သော ငြိမ်းချမ်းသာယာသော လူသားကမ္ဘာတွင် နေထိုင်လျက်ရှိကြသည့် လူသားတို့၏ ဘဝ ရပ်တည်ရှင်သန်နေထိုင်ရေးကို မြော်တွေးလျက် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်သာမက ရှေးသော ကာလမှ ဗုဒ္ဓဟောကြားမြဲဖြစ်သော ဤဓမ္မစကြာ တရားတော်မှ မဂ္ဂင်ရှစ်ဖြာဒေသနာနှင့် သစ္စာလေးပါး တရားတော်တို့ကို လူတိုင်းက နှလုံးသွင်းကျင့်သုံးပွားများ နေထိုင်ရေး မြော်တွေးလျက် ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်၏ သာသနာတော် အရှည်ခံ့တည်တံ့စေရေး ဦးထိပ်ထား စိတ်ရည်သန်ကာ မြတ်စွာဘုရားရှင်၏ ဖြစ်စဉ်တော်အတိုင်း “သန္ဓေ၊ တောထွက်၊ ဓမ္မစက်” ဟူသော အလင်္ကာပိုဒ်အတိုင်း ထူးခြားမြင့်မြတ်သော ဝါဆိုလဖြစ်ပေသည်ဟု ခံယူကာ ရေးသားပူဇော်လိုက်ရပါတော့သတည်း။ ။


