နုနုလွင်
ယနေ့ဇူလိုင် ၂၈ ရက်တွင် ကျရောက်သော ကမ္ဘာ့အသည်းရောင်အသားဝါ ရောဂါတိုက်ဖျက်ရေးနေ့တွင် ကမ္ဘာ့ဆရာဝန်များအဖွဲ့နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲရေး စည်းရုံးအရေးဆိုမှု အဖွဲ့မြန်မာ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ကွန်ရက်-မြန်မာနှင့် မဟာမိတ်မြန်မာအဖွဲ့တို့က မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများအပါအဝင် အသည်းရောင်အသားဝါပိုး ကူးစက်ရန် အခွင့်အလမ်းများ နေသူများအတွက် အသည်းရောင်အသားဝါ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အထူးလိုအပ်နေကြောင်း တိုက်တွန်းပြောဆိုလိုက်ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲသူထက်ဝက်ကျော် စီပိုးကူးစက်ခံရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စစ်တမ်းကောက်ယူချက်များအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသုံးစွဲသူ ၉၅၀၀၀ ဝန်းကျင် ခန့်ရှိနေပြီး ၎င်းတို့အတွင်း လူဦးရေ တစ်ဝက်ကျော်ခန့်သည် အသည်းရောင်အသားဝါ စီပိုးကူးစက်မှုခံနေရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ကျန်းမာရေးဝန်ဆောင်မှုများအတွက် လုံ့လစိုက် ကြိုးစားနေကြသော်လည်း အသည်းရောင်အသားဝါ စီပိုးဆေးကုသမှုရရှိနေသော အရေအတွက်သည် မူးယစ်ဆေးဝါးသုံးစွဲသူများကြားတွင် အလွန်နည်းပါးနေပါသည်။
ယခုနောက်ဆုံးထွက်ရှိလာသော အသည်းရောင် အသားဝါကုသဆေး (ဒီအေအေ) သည် ငွေကုန်ကြေးကျမှု ပိုမိုသက်သာပြီး ဘေးထွက်ဆိုးကျိုး နည်းသည့်အပြင် အသည်းရောင်အသားဝါစီပိုးကို သုံးလအတွင်း အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ သို့ပါသော်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မှုများကို လက်လှမ်းမီရယူရန် အခက်အခဲများစွာ ရှိနေပါသည်။ လိုအပ်သည့် ဆေးစစ်ချက်ရယူရန်နှင့် ကုသစရိတ် မတတ်နိုင်ခြင်း၊ ကျန်းမာရေး အသိပညာ ဗဟုသုတနည်းပါးခြင်းနှင့် ဝေးလံခေါင်ဖျားဒေသများတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုနှင့် အထောက်အပံ့ပေးသည့်လုပ်ငန်းများ ရရှိမှုနည်းပါးနေခြင်း စသည့်အခက်အခဲများ စွာရှိနေပါသည်။ အသည်းရောင်အသားဝါ စီပိုးကုသမှု စရိတ်သည် မြန်မာငွေကျပ် ၁၅ သိန်းဝန်းကျင်ခန့်အထိ ကုန်ကျစရိတ် လျော့ကျသွားသော်လည်း ယင်းပမာဏသည်ပင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် တတ်နိုင်သောပမာဏ မဖြစ်နိုင်သေးပါ။
မူးယစ်ဆေးဝါးသုံးစွဲသူများကို ခွဲခြားဆက်ဆံမှုများ ရှိနေခြင်းသည် ၎င်းတို့အတွင်း အသည်းရောင် အသားဝါ စီပိုးကူးစက်ပြန့်ပွားမှုကို အမြစ်ပြတ်ရှင်းလင်းရာတွင် အတားအဆီးတစ်ခုအသွင်ရှိနေပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများသည် ဖမ်းဆီးခံရခြင်း၊ ခွဲခြားဆက်ဆံပြုမူ ပြောဆိုခံရခြင်းတို့ကြောင့် မိမိကိုယ်ကိုယ သိမ်ငယ်စိတ် ဝင်တတ်ကြပါသည်။ ထို့ကြောင့် မိသားစုလူ့ပတ်ဝန်းကျင်မှ သွေဖည်သွားကြပြီး လူတောမတိုးဝံ့တော့ဘဲ ကျန်းမာရေးဝန်ဆောင်မှု ရယူနေမှုများပင် တဖြည်းဖြည်းနည်းပါး သွားတတ်ကြပါသည်။ သည့်အတွက်ကြောင့် မူးယစ်ဆေးဝါး သုံးစွဲနေသူများသည် အသည်းရောင်အသားဝါ ကူးစက်ပြန့်ပွားမှုကို အဆိုးဆုံးခံစားနေရသော အုပ်စုဖြစ်သော်လည်း ဆေးကုသမှုကိုရယူရန် အခွင့်အလမ်း အနည်းဆုံးသူများ ဖြစ်နေရပါသည်။ ။
အသည်းရောင်အသားဝါ ပြန်လည်ကူးစက်မှု (reinfection) ကို ကာကွယ်ရန်အတွက် အသည်းရောင် အသားဝါစီပိုး ပြုစုကုသမှုများနှင့်အညီ ပြီးပြည့်စုံသော အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုများလည်း တစ်ပြိုင်တည်းရယူဖို့ အထူးလိုအပ်ပါသည်။ မူးယစ်ဆေးဝါးသုံး စွဲသူများအနေဖြင့် ကုသမှုကို အပြည့်အဝခံယူပြီး ရောဂါလုံးဝပျောက်ကင်းသွားသော်လည်း ၎င်းတို့၏နေ့စဉ် မူးယစ်ဆေးသုံးစွဲမှုတွင် ဆေးထိုးအပ်နှင့် ဆေးထိုးပစ္စည်းများ ပေါင်းသုံးခြင်းကဲ့သို့သော ရောဂါအသစ်ပြန်လည် ကူးစက်စေနိုင်သည့် အကြောင်းအရင်းများစွာရှိပါသည်။ ထို့ကြောင့် လူထုအခြေပြု ကိုယ်ထူကိုယ်ထ အုပ်စုများသည် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဆေးပညာဝန်ထမ်းများအကြား အသည်းရောင်အသားဝါနှင့် ပတ်သက်သည့် သင့်လျော်သော သတင်းအချက်အလက်များကို ရရှိစေရန် အတွက် လိုအပ်သော ပေါင်းကူးတံတားများဖြစ်ပါသည်။
၂၀၁၉ ခုနှစ်မှ စတင်၍ ကုသရေးများ စတင်လုပ်ဆောင်
ကမ္ဘာ့ဆရာဝန်များအဖွဲ့သည် ၂၀၁၉ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်တွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (ဆွစ်ဇာလန်) နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအား အသည်းရောင်အသားဝါ စီပိုးကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ဤစီမံချက်မှတစ်ဆင့် ကမ္ဘာ့ဆရာဝန်များအဖွဲ့နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (ဆွစ်ဇာလန်) တို့သည် မြန်မာနိုင်ငံ၏ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရမှု အများဆုံးဖြစ်နေသော ဦးတည်အုပ်စုဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲသူများကြားတွင် ဆေးကုသမှုပိုမိုလက်လှမ်း မီရရှိရေးအတွက် ကူညီလုပ်ဆောင်ပေးနိုင်ခဲ့သည်။ စီမံချက်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လမှစတင်၍ လူနာစုစုပေါင်း ၇၉၁ ဦးကုသမှုစာရင်းဝင်ခဲ့ပြီး ၎င်းတို့အတွင်းမှ ရောဂါပိုးပျောက်ကင်းသူ ၁၁၃ ဦး ကုသမှုပြီးစီးသူ ၃၇၃ ဦးနှင့် ကုသမှုစတင်နေသူ ၅၃၀ ရှိပြီဖြစ်သည်။ စီမံချက်အတွင်း လူထုပူးပေါင်းပါဝင်မှုသည် ကျန်းမာရေးဝန်ထမ်းများ၏ ကုသလမ်းညွှန်မှုများကို သေချာလိုက်နာခြင်း အပါအဝင် ရောဂါကာကွယ်ရေး အသိပညာများ၊ ဖြန့်ဝေမှုများ တိုးတက်မှုရှိစေရန် များစွာထောက်ပံ့မှုပေးပါသည်။ ထိုသို့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်လုပ်ဆောင် နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုများနှင့် ငှက်ဖျား၊ တီဘီ၊ အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့တို့ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘာ့ဆရာဝန်များအဖွဲ့မှ အသည်းရောင်အသားဝါ ဆေးကုသမှုခံယူနေသော ကချင်ပြည်နယ်မှ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသုံးစွဲသူတစ်ဦးဖြစ်သည့် ကို ---- ကလည်း “ ကျွန်တော့်မှာ အသည်းရောင်အသားဝါ စီပိုးရှိတဲ့အကြောင်းကို သိခဲ့တာလွန်ခဲ့တဲ့ ၁၀ နှစ်ကတည်း ကဖြစ်ပါတယ်။ ရောဂါစဖြစ်ကတည်းက ကုသမှုခံယူချင်ခဲ့ပေမဲ့လည်း အဲဒီအချိန်တုန်းက ကုသမှုအခမဲ့ပေးတဲ့ ဆေးရုံဆေးခန်းတွေက မရှိသေးပါဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်က လူတွေကလည်း အလွန်ပဲ ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်တော့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာပါတယ်။ အဲဒီအချိန်မှာ အမ်ဒီအမ်က စီပိုးကုသဆေးပေးနေပြီ ဆိုတာသိရတော့ အလွန် ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဆရာတို့က ကျွန်တော့်ကိုခြောက်လ ဆေးကုသမှုပေးခဲ့ပါတယ်။ ဆေးကုသမှု အပြည့်အဝခံယူပြီးနောက် သုံးလကြာတဲ့ အခါမှာ သွေးထဲမှာရောဂါပိုးရှိ မရှိသိရအောင် သွေးပြန် စစ်ရပါတယ်။ အဲ့ဒီအချိန်တုန်းက “ငါသာရောဂါမပျောက် ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့” အတွေးနဲ့ စိတ်တော်တော် လှုပ်ရှားပါတယ်။ ဆရာတွေက ရောဂါလုံးဝပျောက်သွားပြီလို့ ပြောတဲ့အချိန်မှ အတိုင်းမသိ ဝမ်းသာခဲ့ရပါတယ်။ ဆေးကုသမှုခံယူပြီးတဲ့နောက် ကျွန်တော့်ကျန်းမာရေး အခြေအနေ တော်တော်လေးကောင်းလာပါတယ်။ အခုအချိန်မှာလူတွေကလည်း အသည်းရောင်အသားဝါ ရောဂါနဲ့ပတ်သက်ပြီး အသိပညာတိုးတက်လာလို့ ခွဲခြားဆက်ဆံမှုလည်း အနည်းငယ် လျော့နည်းလာပါတယ်။ အခုတော့ ကျွန်တော့်အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ပူပန်စရာမရှိတော့ဘဲ အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်နေပါပြီ။ ပြီးတော့ ရောဂါပြန်လည် ကူးစက်မှာကို ကာကွယ်နိုင်ဖို့ MdM မှာပဲ အန္တရာယ် လျှော့ချရေးဝန်ဆောင်မှုတွေ ဆက်လက်ရယူနေပါတယ်။”
လုံးဝပျောက်ကင်းအောင် ကုသနိုင်သော ရောဂါသာဖြစ်
မိုးကောင်းမြို့နယ်ရှိ ကမ္ဘာ့ဆရာဝန်များအဖွဲ့၏ အသည်းရောင်အသားဝါ ဆေးကုသရေးလုပ်ငန်းတွင် နှစ်သိမ့်ဆွေးနွေး ပညာပေးသူ တာဝန်ထမ်းဆောင်နေသော ဆရာမဆန်းရာလီကလည်း “ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုပုံမှန်သောက်ပြီး မိမိကိုယ်ကို စိတ်အားတက်ကြွစွာနေထိုင်ပါ။ အသည်းရောင်အသားဝါ စီပိုးဟာ လုံးဝပျောက်ကင်းအောင် ကုသနိုင်သောရောဂါ ဖြစ်ပါတယ်” ဟုပြောကြားသည်။
“မူးယစ်ဆေးဝါးသုံးစွဲသူတွေကြားထဲမှာ အသည်းရောင်အသားဝါ ရောဂါပိုးကူးစက်ခံထားရသူ အများကြီး ရှိနေပါတယ်။ သူတို့တွေက အသည်းရောင်အသားဝါ စီပိုးဟာ အသက်အန္တရာယ် ရှိနိုင်တဲ့ရောဂါပိုးလို့ သိထားကြပါတယ်။ သူတို့ဟာဆေးခန်းကို ရောက်ရင် အသည်းရောင်အသားဝါ တစ်မျိုးတည်း ကူးစက်ခံရတဲ့လူတွေကိုရော ဆေးကုသပေးဖို့ အစီအစဉ်ရှိလားဆိုတာ အမြဲတမ်းမေးကြ ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း အသည်းရောင်အသားဝါ ဆေးကုသမှုပေးတဲ့နေရာမှာ အချို့ကန့်သတ်ချက်လေးတွေ ရှိနေပါသေးတယ်။ ယခုကျွန်တော်တို့ စီမံချက်မှာက မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး အိတ်အိုင်ဗွီရောဂါပိုးရော အသည်းရောင်အသားဝါ စီပိုးပါနှစ်မျိုးလုံး ကူးစက်ခံထားရတဲ့ လူတွေကိုပဲ ရွေးချယ်ကုသပေးနိုင်သေးတာပါ။ အသည်းရောင်အသားဝါ ရောဂါပိုးတစ်ခုတည်း ကူးစက်ခံထားရတဲ့ လူနာတွေကလည်း ဆေးကုသမှုကို လိုချင်နေကြပါတယ်” ဟု MdM ၏ စီမံချက် မန်နေဂျာဒေါက်တာ ဇော်ဇော်အောင်က ထုတ်ဖော်ပြော ကြားထားသည်။
ယခုအခါ မြန်မာနိုင်ငံသည် အသည်းရောင်အသားဝါ စီပိုးကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ရာတွင် တိုးတက်မှုများစွာ ရှိပြီးဖြစ်ပါသည်။ သို့သော် ၂၀၃၀ ပြည့်နှစ်တွင် အသည်း ရောင်အသားဝါ စီပိုးရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ရေးနှင့် ၈၀ ရာခိုင်နှုန်းအထိ လုံးဝပျောက်ကင်းအောင် ကုသနိုင်ရေးဆိုသည့် ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ ကျန်းမာရေးရည်မှန်းချက် ပြည့်မီရန်အတွက် အသည်းရောင်အသားဝါ စီပိုးကာကွယ်ရေးနှင့် ကုသရေး ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီရရှိအောင် အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကြားတွင် တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင်အလှူရှင်များ၊ ဒေသခံအကြီးအကဲများနှင့် လူမှုရေးအဖွဲ့ အစည်းများအား မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ စီပိုးကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ပိုမိုအားမြှင့်လုပ်ဆောင်ကြရန် တို က်တွန်းပြောကြားလိုက်ပါသည်။ ။


