ထွန်းသစ်စ
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျင်မြန်စွာဖြစ်ပွားလျက်ရှိပြီး ဒုတိယလှိုင်း ဂယက်အတွက် စိုးရိမ်နေတဲ့အချိန်မှာ မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တွေ့ရှိတယ်ဆိုတဲ့ သတင်းကို ဇူလိုင် ၂၆ ရက်က အံ့ဩဖွယ် ကြားလိုက်ရပါတယ်။ ကမ္ဘာမြေပြင်တစ်လွှား သူသူငါငါ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၆ သန်းကျော်လာမှုနဲ့အတူ မြောက်ကိုရီးယားနိုင်ငံဟာ နောက်ဆုံးကူးစက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အဆီးအတားမရှိ ကူးစက်ချင်တိုင်းကူးစက်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာကြီးတစ်ခုလုံးကို အဆီးအတားမရှိဘဲ ကူးစက်ချင်တိုင်းကူးစက်ပြီး ကျန်းမာရေးစနစ်တွေကို ဝန်ပိမှုတွေဖြစ်စေသလို စီးပွားရေးတွေ ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ အများနိုင်ငံတွေနဲ့ ရောနှောနေလေ့မရှိဘဲ တစ်ဦးတည်း ထီးထီးကြီးခွဲထွက် ရပ်တည်နေတတ်တဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်သူ တစ်ယောက်တလေမှတောင် မရှိဘူးဆိုပြီး ဂုဏ်ယူ ပြောကြားခဲ့သော်လည်း အခုတော့ ဗိုင်းရပ်စ် တားဆီးဖို့ ပြင်ဆင်နေရပြီဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့ အနည်းဆုံးလူပေါင်း ၆၄၅၀၀၀ လောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို မလွန်ဆန်နိုင်ဘဲ သေပွဲဝင်ခဲ့သလို အဲဒီထဲမှာ အဆိုးဆုံးဖြစ်ခဲ့တဲ့ နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကပြိုင်ဘက် အမေရိကန် ပြည်ထောင်စုပဲဖြစ်ပါတယ်။ ။
တကယ့်ကို ကြောက်စရာကောင်းပြီး ရက်စက်ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ နိုင်ငံထဲကို ဝင်ရောက်လာပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
ထိန်းချုပ်ကာကွယ်
မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ဖို့ ခယ်ဆောင်းမြို့ကို အသွားအလာ ကန့်သတ်ပိတ်ဆို့မှု လုပ်ဆောင်လိုက်ပါပြီ။ ခယ်ဆောင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနီးမှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ နယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာကတော့ တောင်ကိုရီးယားနိုင်ငံဘက်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပြေးသွားတဲ့ ပြည်ပြေးတစ်ဦး မြောက်ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရနိုင်တယ်ဆိုပြီး သံသယရှိနေတယ်လို့ ဖော်ပြထားပါတယ်။
သို့သော်လည်း ကျွမ်းကျင်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အိမ်နီးချင်း တရုတ်နိုင်ငံကနေ မြောက်ကိုရီးယား နိုင်ငံထဲကို ဝင်နှင့်နေနိုင်တယ်လို့ ယူဆထားပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဟာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းက တရုတ် နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့နေဆဲ
အခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ရပ်တန့်သွားတယ်လို့မရှိဘဲ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ထိတ်လန့်ဖွယ် သတင်းမျိုးတောင် ကြားရပါတယ်။ အဲဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြောက်လို့ မကူးစက်အောင် ကာကွယ်ထိန်းချုပ်မှုတွေ လုပ်ထားတဲ့ နိုင်ငံတွေမှာတောင် ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံကတော့ ဩစတြေးလျပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး ဇူလိုင် ၂၆ ရက်ဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ တကယ့်ကို တင်းကျပ်တဲ့ အသွားအလာကန့် သတ်ပိတ်ဆို့မှုတွေ လုပ်ထားတာတောင် သေဆုံးသူဟာ အဲဒီနေ့ မှာ ၁၀ ဦးအထိ ထပ်မံရောက်ရှိခဲ့ပြီးတော့ ကူးစက်မှုတွေလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒါတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ကျွန်တော်တို့အနေနဲ့ အလွန်ကိုမြင့်မားတဲ့ ပမာဏဖြစ်တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ်အန်ဒရူးစ်က ပြောလိုက်ပါတယ်။
ကူးစက်ခံရသူပေါင်း ၁၆ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆ သန်း ကျော်ရှိလာချိန်မှာ အဲဒီထဲက လေးပုံတစ်ပုံလောက်ဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ၆၈၀၀၀ ကျော်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နွေဦးရာသီမှာ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကျဆင်းခဲ့ပြီးနောက်မှာ ရုတ်တရက် ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက္ကဆက် တွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ တက္ကဆက်ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ဟာရီကိန်းဒဏ်ကိုလည်း ခံစားခဲ့ရတဲ့ ပြည်နယ်တစ်ခုဖြစ် ခဲ့ပါတယ်။
လွန်ခဲ့တဲ့လေးရက်ဆက်တိုက် အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ ၁၀၀၀ ကျော် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ ၁၄၆၀၀၀ အထိ လျင်မြန်စွာ တိုးလာခဲ့ပါတယ်။
လက်တင်အမေရိကနဲ့ မြေထဲပင်လယ်ဒေသမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ လေးပုံပုံ တစ်ပုံလောက် ဖြစ်ပွားခဲ့ပါတယ်။ အစိုးရတွေအနေနဲ့ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ဖို့ မစွမ်းဆောင်နိုင်သေးပါဘူး။
ဖျက်သိမ်းလိုက်
ဘရာဇီးနိုင်ငံမှာလည်း တဖြည်းဖြည်းကြောက်စရာကောင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အကျပ်အတည်းနဲ့ရင်ဆိုင် နေရတဲ့အတွက်ကြောင့် ရီယိုဒီဂျနေးရိုး ကိုပါကာဘာနာ ကမ်းခြေမှာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲတွေအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အခုဆိုရင် သေဆုံးသူအရေ အတွက်ဟာ ၈၀၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ပျော်ပွဲရွှင်ပွဲတွေ မကျင်းပတာပါလို့ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဥရောပဒေသတွင်း နွေရာသီအပန်းဖြေအားလပ်ရက်တွေ အများအပြား ဖွင့်လှစ်ပေးလိုက်သလို တစ်ချိန်တည်းမှာပဲ ဥရောပမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း သုံးသန်းနီးပါးရှိလာ ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပျော်ပွဲရွှင်ပွဲများကြောင့် ပိုပြီးဖြစ်နိုင်
ဗြိတိန်မှာလည်း ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်တာတော့ ရှိပါတယ်။ အဲဒါကတော့ စပိန်ကလာတဲ့ ခရီးသည်တွေကို သီတင်းပတ်နှစ်ပတ်ကြာ ကိုယ့်ဟာကိုယ် သီးသန့်ခွဲခြားနေထိုင်မှု ပြုလုပ်ရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြေထဲပင်လယ်နိုင်ငံတစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရုတ်တရက် မြင့်တက်လာပြီးနောက် အခုလိုလုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အရာရှိတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ညပိုင်းပျော်ပွဲရွှင်ပွဲတွေကြောင့် ပိုပြီး ဖြစ်နိုင်တယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။
အစိုးရပေါင်းများစွာက စပိန်ကလာတဲ့ အားလပ်ရက်အပန်းဖြေ ခရီးထွက်သူတွေကို သီးသန့်ခွဲခြား စောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာ သိကြပါတယ်လို့ ဗြိတိန်အတိုက်အခံ လွှတ်တော်အမတ် ဒိုင်အက်ဘော့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒါကိုဘယ်သူမှ ဒုက္ခခံပြီး ဗြိတိန်လွှတ်တော်အမတ် ဂရန့်ရှက်ပ်ကို မပြောကြဘူးလို့ သူက ဟာသနှောကာ ပြက်လုံးထုတ်ပြီး ပြောလိုက်ပါတယ်။
ခရီးသွားကဏ္ဍကိုထိခိုက်
ကိုရိုနာဗိုင်းရပ်စ်ဟာ စပိန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုလည်း ထိခိုက်ခဲ့ပါတယ်။ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး နယ်စပ်တွေ ပိတ်လိုက်တာကြောင့် ဘားဆိုင်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ စုစုပေါင်း ၁၃ ရာခိုင်နှုန်းလောက် ထာဝရပိတ်သွားခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုတွေကတော့ ပြောမပြနိုင် လောက်အောင်ပါပဲ။
အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်- ၁၉ ဖြစ်ပြီဟေ့ဆိုတော့ သန်းချီတဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်း အလုပ်သမားတွေ မြို့တွေမှာ မနေရဲကြတော့သလို ပြန်ဖို့လည်း အလွန်ကြောက်ရွံ့ နေခဲ့ကြပါတယ်။ အာရှရဲ့ တတိယအကြီးဆုံး စီးပွားရေးတည်ရှိရာ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၁ ဒသမ ၃ သန်းကျော်လာပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဘရာဇီးပြီးရင်တော့ အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အခုချိန်အထိတော့ တိုးတက်တဲ့အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ထောင့်တစ်ည ပုံပြင်ထက်တောင် ဆိုးနေပြီလားလို့ ထင်မှတ်မှားရပါတယ်။ ကာကွယ်ဆေးမတွေ့မချင်း ပြီးဆုံးမယ့်လက္ခဏာ မတွေ့ရသေးပါဘူး။ ။
ကိုးကား - အေအက်ဖ်ပီ


